တောင်သာမှာ စက်တပ်လေထီးနဲ့ ဗုံးသီးချတိုက်ခိုက်လို့ အမျိုးသမီး ၂ ဦးသေဆုံး

တောင်သာမှာ စက်တပ်လေထီးနဲ့ ဗုံးသီးချတိုက်ခိုက်လို့ အမျိုးသမီး ၂ ဦးသေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ညောင်ကုန်းကျေးရွာကို စစ်ကောင်စီက စက်တပ်လေထီးနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံအမျိုးသမီး ၂ ဦးသေဆုံးပြီး အမျိုးသား ၁ ဦးဒဏ်ရာရခဲ့တယ်လို့ တောင်သာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၈ ရက်မနက် ၁ နာရီ ၄၅ မိနစ်ခန့်မှာ မိတ္တီလာလေတပ်ဘက်ကတက်လာတဲ့ စက်တပ်လေထီး ၂ စီးက ညောင်ကုန်းကျေးရွာမြောက်ပိုင်းနဲ့ ရွာအနီးတဝိုက်ကို ဗုံးသီး ၆ လုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

"မိတ္တထီလာလေတပ်ကလာတဲ့ ပါရာမိုတာ (စက်တပ်လေထီး) ၂ စီးက ဗုံးလာချတာ။ ၆ လုံးလောက် ချသွားတာကို ပြည်သူ ၂ ဦးသေတယ်။ ၁ ဦးဒဏ်ရာရတယ်လို့တော့ သိထားရတယ်။ ဗုံးတွေက ရွာထဲကျတာ။ အဲ့နေရာဝန်းကျင်က တော်လှန်ရေးအဖွဲ့စိုးမိုးမှုရှိပေမယ့် ရွာထဲမနေဘူး။"လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အသက် ၇၈ နှစ်အရွယ် ဒေါ်ခင်သန်းမှာ ဦးခေါင်းထိဒဏ်ရာ၊ အသက် ၅၇ နှစ်အရွယ် ဒေါ်ခင်ညွန့်မှာ ဝမ်းဗိုက်ထိမှန်ဒဏ်ရာတွေနဲ့ နေရာတင်သေဆုံးခဲ့ပြီး အသက် ၅၀ အရွယ် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

"ဗုံးသီး ၆ လုံးပါ။ ဗုံးသီးတွေက လူအိမ်ပေါ်တည့်မကျပါဘူး။ လမ်းမပေါ် နဲ့ နေအိမ်ဝိုင်းအတွင်း နေရာတွေပါ။ အစထိမှန်ပြီး သေဆုံးပါတယ်။ ထိခိုက် ၁ ယောက်က အမျိုးသားပါ။ ထိတဲ့သူတွေက ၁ အိမ်စီမှာနေကြတာပါ။” လို့ သူကပြောပါတယ်။ 

ဒါ့အပြင် ရွာထဲက နွား ၃ ကောင်၊ သိုး ၁ ကောင်နဲ့ ဝက် ၁ ကောင်သေဆုံးပြီး နေအိမ် ၂ လုံးလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။ 

ခုလို ဗုံးသီးချတိုက်ခိုက်တာကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်နေကြပေမယ့် ရွာထဲကနေထွက်ပြေးတိမ်းရှောင်နေကြတာမျိုးတော့မရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်ကလည်း တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတဲ့အပြင် စက်တပ်လေထီးတွေနဲ့ပါ ဗုံးချတိုက်ခိုက်လို့ ကျေးရွာစာသင်ကျောင်းပျက်စီးပြီး ဒေသခံ ၁ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၅ ဇန်နဝါရီ ၁၇ ရက်အထိ စစ်ကောင်စီနဲ့ ၎င်းရဲ့လက်ပါးစေတွေကြောင့် သေဆုံးခဲ့တဲ့ပြည်သူစုစုပေါင်း ၆,၁၈၆ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။ 

ပုံ -  လူထုလှုပ်ရှားမှုသပိတ်ကော်မတီ (တောင်သာ)။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #တောင်သာ #စက်တပ်လေထီး #ဗုံးသီးချ #တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10