တောင်သာမှာ လက်နက်နဲ့အလင်းဝင်လာတဲ့ ရဲတပ်သားကို ကျပ်သိန်း ၅၀ ချီးမြှင့်

တောင်သာမှာ လက်နက်နဲ့အလင်းဝင်လာတဲ့ ရဲတပ်သားကို ကျပ်သိန်း ၅၀ ချီးမြှင့်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်မှာတာဝန်ကျနေတဲ့ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

အဆိုပါရဲတပ်သားဟာ ရန်ကုန် ရဲတပ်ရင်း ၅ ကနေ တောင်သာမြို့နယ်ကိုထဲကို ၂၀၂၃ ကတည်းက ပြောင်းရွှေ့တာဝန်ကျနေသူဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုချိတ်ဆက်ကာ ဒီဇင်ဘာ ၁၆ ရက်မနက်ပိုင်းမှာ အလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။ 

“သူက နဂိုက ရန်ကုန် ရဲတပ်ရင်း ၅ မှော်ဘီမှာ တာဝန်ကျတာ၊ တောင်သာမြို့နယ်မှာ တာဝန်ကျနေချိန် အလင်းဝင်လာတာ၊ သူက လှမ်းချိတ်ဆက်တော့ ကျနော်တို့ကသွားခေါ်ရတာ၊ သူ့အတွက်လည်း အန္တရာယ်ကင်းအောင်လို့ပါ၊ ကျနော်တို့ သက်တောင့်သက်သာနဲ့ ခေါ်ထုတ်လို့ရခဲ့တယ်” လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီရဲ့ အရပ်သားပြည်သူတွေအပေါ်အကြမ်းဖက်သတ်ဖြတ်မှုတွေကို မကြိုက်တဲ့အတွက် အလင်းဝင်လာတာဖြစ်ပြီး ရှေ့ဆက်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းကာ စစ်ကောင်စီကို ပြိုပျက်တဲ့အထိ တိုက်ခိုက်သွားမယ်လို့ပြောဆိုကြောင်း အလင်းဝင်ရဲတပ်သားရဲ့ ပြောပြချက်ကို အထက်ပါတာဝန်ရှိသူက ပြောပြပါတယ်။ 

မိသားစုတွေကျန်ရှိနေသေးတဲ့အတွက် အလင်းဝင်ရဲတပ်သားနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ ဖော်ပြနိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။ 

“နာမည်အရင်းက ကျနော်တို့ကထုတ်မသုံးတာ၊ သူ့မိသားစုက တဖက်(စစ်ကောင်စီ)ရဲ့ ထိန်းချုပ် နယ်မြေ၊ စိုးမိုးနယ်မြေကွန်ရက်အောက်မှာပဲရှိသေးတော့ မိသားစုအတွက်အန္တရယ်ဖြစ်မှာ စိုးလို့ပါ၊ လောလောဆယ်သူ့ကို နားခိုင်းထားပြီး ဘာတာဝန်မှမပေးသေးဘူး” လို့ သူက ဆက်ပြောပါတယ်။

အလင်းဝင်လာချိန်မှာ G3 ၁ လက်၊ G3 ကျည် ၂၂၁ တောင့်ကျော်ပါလာတဲ့အတွက် သူ့ကိုငွေကျပ်သိန်း ၅၀ ဆုချီးမြှင့်ထားပြီး တောင်သာမြို့နယ်ပကဖစခန်းမှာပဲထားရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီရဲတပ်တပ်သားအပါအဝင် တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကို အလင်းဝင်လာတဲ့ ရဲ ၇ ဦးနဲ့ စစ်သား ၂ ဦးရှိကာ နောက်ထပ်ဝင်လာမယ့်သူတွေကိုအမြဲတမ်းကြိုဆိုနေတယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #တောင်သာ #ရဲတပ်သား #အလင်းဝင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10