သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ တောင်သာမြို့ရှိ စစ်ကောင်စီ MOGE လက်အောက် တရုတ်သဘာဝဓာတ်ငွေ့အဓိကဖြန့်ချီရာဖြစ်တဲ့ တောင်သာဓာတ်ငွေ့ဖြန့်ဖြူးရေးစခန်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပိုက်လိုင်းလုံခြုံရေးပေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီကနေ့ သြဂုတ် ၁၂ရက် မနက် ၅ နာရီ လောက်မှာ တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်နေပြီး မနက် ၈ နာရီလောက်အထိ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ကြားနေရတယ်လို့ တောင်သာဒေသခံတဦးက ပြောပါတယ်။
"အခုက မိုးလည်းရွာနေတော့ အသံတော့သိပ်မကြားတော့ဘူး။ မနက်အစောကတော့ တအုံးအုံးပဲ ဆူညံနေတယ်" လို့ ၎င်းက ပြောပါတယ်။
ဒါ့အပြင် တောင်သာမြို့နယ်နေရာတချို့မှာလည်း ဒီမနက်တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီစက်မှုဝန်ကြီးဌာနလက်အောက် အမှတ် ၁၀ အထည်ချုပ်စက်ရုံမှာ ဒီမနက် ၇ နာရီလောက်ကစတင်ကာ မီးလောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တောင်သာမြို့ တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီး အသေးစိတ်မသိရှိရသေးဘဲ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဩဂုတ် ၁၀ ရက် မနက်အစောပိုင်းကစတင်ကာ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး နွားထိုးကြီးမြို့ပေါ်က စစ်တပ်အထိုင်စခန်းတွေကိုသိမ်းယူထားနိုင်ကာ လက်ရှိမှာနွားထိုးကြီးမြို့ကို စစ်ကောင်စီစစ်ကူတွေရောက်မလာနိုင်ရေး လမ်းပိုင်းဖြတ်တောက်ရေးတွေ လုပ်ထားတယ်လို့ မြေပြင်ရဲဘော်က ပြောပါတယ်။
မနေ့က နေ့လယ် ၁ နာရီလောက်မှာ စစ်ကောင်စီဘက်ကလည်း နွားထိုးကြီးနဲ့ ငါးဇွန်မြို့နယ်အစပ်က ဖောင်ချင်းရွာကို ရဟတ်ယာဥ်နဲ့ ဗုံးငါးလုံးကြဲချတိုက်ခိုက်သွားပြီး နေအိမ်တချို့သာ ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။
ပုံစာ - ၂၀၂၂ နိုဝင်ဘာလက တောင်သာ အမှတ် ၁၀ အထည်ချုပ်စက်ရုံကို စစ်ကောင်စီ စက်မှုဒုဝန်ကြီး လာရောက်စစ်ဆေးစဉ်။
သတင်း - N၊ စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#မန္တလေး #တောင်သာ #တိုက်ပွဲ #သဘာဝဓါတ်ငွေ့ #အမှတ်၁၀အထည်ချုပ်စက်ရုံ
Share Share Share