တော်လှန်ရေးတပ်ဖွဲ့တွေ မဟန့်တားနိုင်တဲ့ လက်ပံတောင်းတောင်ကြေးနီထုတ်လုပ်မှု (သတင်းဆောင်းပါး)

တော်လှန်ရေးတပ်ဖွဲ့တွေ မဟန့်တားနိုင်တဲ့ လက်ပံတောင်းတောင်ကြေးနီထုတ်လုပ်မှု (သတင်းဆောင်းပါး)

စစ်ကိုင်တိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို တရုတ်ကုမ္ပဏီက ပြန်လည် လည်ပတ်နေပါတယ်။ အညာဒေသအပါအဝင် နိုင်ငံအနှံ့မှာ ပြည်သူတွေကို သတ်ဖြတ်တာ၊ လူနေအိမ်မီးရှို့တာတွေ ဆက်တိုက်လုပ်နေတဲ့ စစ်ကောင်စီနဲ့ အကျိုးတူပူးပေါင်းကာ တရုတ်က ကြေးနီးတွေကို ဆက်လက်ထုတ်လုပ်နေတာပါ။ 

အခုလိုအချိန်မှာ စက်ရုံကိုလည်ပတ်ပြီး ကြေးနီထုတ်လုပ်နေတဲ့ တရုတ်ကုမ္ပဏီတွေရဲ့လုပ်ရပ်ဟာ မြန်မာပြည်သူတွေကို အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်နေတဲ့ စစ်ကောင်စီကို အားပေးရာရောက်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးသပိတ်ကော်မတီတွေက ပြောပါတယ်။

ဒါကြောင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို မလည်ပတ်ဖို့ ဒေသခံသပိတ်ကော်မတီနဲ့ ပြည်သူတွေက ဆန္ဒပြတောင်းဆိုတာ၊ ကြေးနီသယ်ကားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက် ဟန့်တားတာတွေ လုပ်ပေမယ့် အဲဒီကြားထဲကပဲ စစ်ကောင်စီနဲ့ တရုတ်ကုမ္ပဏီက ကြေးနီတွေကို ဆက်လက်ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ 

အခုလပိုင်းအတွင်းမှာ ကြေးနီတွေကို စစ်ကောင်စီက ဆက်တိုက်ထုတ်လုပ်နေတာနဲ့ပတ်သက်လို့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုမှ ရဲဘော်မြတ်ကိုက အခုလို ပြောပါတယ်။

“ပြည်သူကိုသတ်မယ့်၊ တိုင်းပြည်ကိုဖျက်ဆီးမယ့် လက်နက်ခဲယမ်းဝယ်ဖို့အတွက် စစ်တပ်က လက်ပံတောင်း တောင်ကြီး(ကြေးနီးတွေ)ကို အားချင်းထုတ်နေရတဲ့သဘော” 

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်းက စက်ရုံဝန်ထမ်းတွေ CDM လုပ်သွားကြတဲ့အတွက် ၂၀၂၁ အတွင်း ဝမ်ပေါင်ကုမ္ပဏီရဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စက်ရုံ လည်ပတ်မှုဟာ ရပ်ဆိုင်းသွားခဲ့ပါတယ်။ 

ဒါပေမဲ့ ၂၀၂၂၊ ၂၀၂၃ ကာလတွေမှာ ကြေးနီစက်ရုံကို ပြန်လည် လည်ပတ်ဖို့ ကြိုးစားခဲ့ပေမယ့် အပြည့်အဝ မလည်ပတ်နိုင်သေး (ဝမ်ပေါင်နဲ့ ဒေသခံတို့ရဲ့ စီးချင်းတိုက်ပွဲ)တာကြောင့် တရုတ်ကုမ္ပဏီနဲ့ စစ်ကောင်စီဟာ အခုနှစ် မတ်လထဲမှာ နောက်ထပ်ဗျူဟာ တမျိုးပြောင်းပြီး စက်ရုံလည်ပတ်နိုင်ဖို့ ထပ်မံကြိုးစားလာခဲ့ပါတယ်။ 

ကျေးရွာတွေကို စစ်ကြောင်းထိုးတဲ့အခါ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်မီးရှို့တာတွေလုပ် လေ့ရှိတဲ့ စစ်ကောင်စီဟာ ဒီတခါ လက်ပံတောင်းတောင်စီမံကိန်းတဝိုက်က ကျေးရွာတွေကို စစ်ကြောင်းထိုးတဲ့အခါမှာတော့ ဖမ်းဆီးတာ၊ နေအိမ်မီးရှို့တာတွေ မလုပ်ဘဲ ဒေသခံတွေကို ပုံမှန်အတိုင်း ဈေးဆိုင်တွေ ပြန်ဖွင့်ကြဖို့၊ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းတွေပြန်လုပ်ကြဖို့စတဲ့ စည်းရုံးရေးသဘောမျိုးနဲ့ ချဉ်းကပ်လာ(လက်ပံတောင်းကြေးနီစီမံကိန်းအတွက် ဗျူဟာပြောင်းရတော့မယ့် တရုတ်)တယ်လို့ ဒေသခံတွေနဲ့ အဲဒီဒေသက တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။ 

ဒါပေမဲ့လည်း စစ်ကောင်စီကိုကြောက်လန့်နေကြတဲ့ ဒေသခံပြည်သူ ၁၅,၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ပြီး စစ်ရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီစောင့်ရှောက်ပေးနေကြသူ တွေက ဆိုပါတယ်။ 

မေလဆန်တုန်းက စစ်ကြောင်ထိုးတဲ့အခါမှာ စစ်ကောင်စီဟာ ယင်းမာပင်မြို့နယ်၊ မြောက်ယမားတံတား မြောက်ဘက်မှာရှိတဲ့ အုံတုံပင်ကျေးရွာ၊ ကျေးစာကျကျေးရွာနဲ့ ဘိန်းနွယ်ချောင်းကျေးရွာတွေကို စစ်ကြောင်းထိုးတာ ဖြစ်သလို မြောက်ယမားတံတား တောင်ဘက် ဆားလင်းကြီးမြို့နယ်ထဲက ရွာသာရွာ၊ ဂုဏ်တော၊ ဒုန်းတော၊ ကံကုန်၊ ထနောင်းကုန်း၊ အေးကုန်း စတဲ့ကျေးရွာတွေမှာပါ စစ်ကြောင်းထိုးတပ်စွဲတာ၊ ကင်းချတာတွေ လုပ်ခဲ့ကြပြီး ကြေးနီကိုပြန်ထုတ်ဖို့ ကြိုးစားခဲ့ကြပါတယ်။

“ မေလ ၂ ရက်ကတည်းက ကြေးနီတွေသယ်ပြီးတော့ တောက်လျှောက်ထုတ်နေတာ။” လို့ ဇူလိုင် ၂ ရက်မှာ ရဲဘော်မြတ်ကို က ပြောပါတယ်။ 

ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုရဲ့ စောင့်ကြည့်မှတ်တမ်းတင်ထားမှုအရ ဇူလိုင်လ ၂ ရက်နေ့ တရက်တည်းမှာတင် ကြေးနီသယ်မော်တော်ယာဉ် အစီးရေ ၃၅ အထိ ထွက်တာကိုတွေ့ရကြောင်း သူက ဆိုပါတယ်။ 

စစ်ကောင်စီဟာ လက်ပံတောင်းတောင်က ကြေးနီတွေကို ကားတွေနဲ့သယ်ဆောင်ရာမှာ ချင်းတွင်းမြစ်အနောက်ဘက် ပုသိမ်-မုံရွာကားလမ်းမှတဆင့် ချင်းတွင်းမြစ်တံတာကိုဖြတ်ကာ မုံရွာမြို့ကနေ မန္တလေးဘက်သို့ သယ်ဆောင်ကြပါတယ်။

ဒါ့အပြင် ကြေးနီတွေကို မော်တော်ယာဉ်နဲ့သယ်ဆောင်နေကြသလို အခုလိုမိုးရာသီမှာဆိုရင် ချင်းတွင်းမြစ်အတွင်း မြစ်ရေတိုးလာတဲ့အတွက် ဆားလင်းကြီးမြို့နယ်အတွင်းက ကျောက်မျက်ဆိပ်ကမ်းနဲ့ ညောင်ပင်ကြီးဆိပ်ကမ်းတို့မှတဆင့် စစ်သင်္ဘောတွေ၊ ဖလက်ရေယာဉ်တွေနဲ့ပါ ကြေးနီတွေကို သယ်ဆောင်နေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

စစ်တပ်နဲ့ တရုတ်ကုမ္ပဏီတွေ အခုလိုကြေးနီထုတ်လုပ်နေမှုအပေါ် စစ်ကိုင်းသပိတ်အင်အားစုတွေက ကန့်ကွက်ကြောင်း မေ ၁၄ ရက်မှာ ကန့်ကွက်တဲ့ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

အဲဒီထုတ်ပြန်ချက်မှာ စစ်ကိုင်တိုင်း၊ မကွေတိုင်းအပါအဝင် တနိုင်ငံလုံးမှာ ပြည်သူလူထုအပေါ် အကြမ်းဖက်သတ်ဖြတ်၊ လူနေအိမ် မီးရှို့နေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ စီးပွားရေးအကျိုးတူ ဆောင်ရွက်နေသော တရုတ်ကုမ္ပဏီတွေအနေနဲ့ စစ်တပ်နဲ့ပူးပေါင်းလုပ်ဆောင်တာတွေကို ချက်ချင်းရပ်တန့်ပေးဖို့ ထုတ်ပြန်ခဲ့ကြပါတယ်။ 

ဒါ့အပြင် တရုတ်နဲ့ စစ်ကောင်စီဟာ ၎င်းတို့ရဲ့အကျိုးစီးပွားကိုသာရှေးရှုပြီး ပြည်သူလူထုအသံကို မျက်ကွယ်ပြုထားတဲ့အပြင် ပိုမိုဆိုးရွားတဲ့ စစ်ရာဇဝတ်မှုတွေကို စစ်တပ်က ထပ်မံကျူးလွန်လျက် ရှိနေကြောင်း၊ ပြည်သူလူထုအပေါ် ရက်စက်ယုတ်မာနေသော အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ တရုတ်ကုမ္ပဏီတွေအနေနဲ့ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်နေမှုအား ချက်ချင်းရပ်တန့်ပြီး ပြည်သူလူထုအသံကို အလေးအနက်ထားရန် လေးနက်စွာ အသိပေး တိုက်တွန်းကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ 

အခုလို စစ်ကောင်စီနဲ့ တရုတ်ကုမ္ပဏီတွေရဲ့ ကြေးနီထုတ်လုပ်နေတာကို ဟန့်တားဖို့ အရေးကြီးတဲ့အကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုမှ ရဲဘော်မြတ်ကိုက “ဒါကြီးကို မဟန့်တားနိုင်ဘူးဆိုရင် ပြည်သူကိုသတ်ဖို့ တိုင်းပြည်ကို ဖျက်ဆီးဖို့အတွက် (စစ်တပ်က) ဘတ်ဂျက် ကောင်းကောင်းရမယ်။ “ လို့ ဆိုပါတယ်။

အခုကာလအတွင်း ကြေးနီတင်ဆောင်ထားတဲ့ ကားတွေ၊ စစ်ကောင်စီရဲ့ လုံခြုံရေးယူပေးတဲ့ စစ်ကြောင်းတွေကို ချင်းတွင်းမြစ်အနောက်ဘက်ကမ်းမှာရှိတဲ့ ယင်းမာပင်မြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ၂ ကြိမ် တိုက်ခိုက်ခဲ့တာသာရှိပြီး ဆားလင်းကြီးမြို့နယ်တွင်းမှာတော့ တကြိမ်မှ တိုက်ခိုက်ခဲ့တာမရှိဘူးလို့ သူက ဆက်ပြောပါတယ်။ 

“ဆားလင်းကြီးထဲက ထွက်သွားတာကတော့ သာသာယာယာလေးကို ထွက်သွားတာ၊ ခလုတ်မထိ ဆူးမငြိဘဲ သယ်နေကြတာ။ လွန်းထိုးပြီးကို သယ်နေတာ” လို့ ရဲဘော်မြတ်ကိုက ပြောပါတယ်။ 

ချင်းတွင်းမြစ်အနောက်ဘက်ကမ်းမြို့နယ်အတွင်းမှာ ကုန်းလမ်းကနေသွားကြတဲ့ ကြေးနီသယ်ကားတွေ တိုက်ခိုက်ခံရတာမျိုး မရှိပေမယ့် ချင်းတွင်းမြစ်အတွင်း ရေကြောင်းကသယ်ဆောင်သွားတဲ့ ကြေးနီသယ် ရေယာဉ်တွေကိုတော့ ဆားလင်းကြီးမြို့နယ်အတွင်းက တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်နေကြတာတွေရှိပါတယ်။ 

ချင်းတွင်းမြစ်အတွင်းကနေ ကြေးနီအပါအဝင် သစ်တွေကိုပါ သယ်ဆောင်သွားကြတဲ့ ရေယာဉ်တွေကို စစ်ကောင်စီက စစ်သင်္ဘောတွေနဲ့လုံခြုံရေးပေးတဲ့အပြင် Mi 35 ရဟတ်ယာဉ်နဲ့ပါ မြစ်ကြောင်းတလျှောက် လုံခြုံရေးပေးနေတာကြောင့် ထိရောက်တဲ့တိုက်ခိုက်ဟန့်တားနိုင်တာမျိုးတော့ မရှိဘူးလို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ 

ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ ချောင်းဦးမြို့နယ်နဲ့ မြင်းမူမြို့နယ်အတွင်းမှာတော့ ကြေးနီသယ်မော်တော်ယာဉ်တွေနဲ့ စစ်ကောင်စီရဲ့လုံခြုံရေးကင်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက မုံရွာ-စစ်ကိုင်းလမ်းတလျှောက် မိုင်းဆွဲတာ၊ ဒရုန်းနဲ့ ဗုံးသီးချတာတွေလုပ်ပြီး ဟန့်တားနေကြပါတယ်။ 

မုံရွာ-မန္တလေးကားလမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်းနဲ့ ကြေးနီတင်ကားတွေကို မိုင်းဆွဲတိုက်ခိုက်နေတဲ့ Dog Killers People's Defence Force Myinmu (DK PDF-MMU)မှ ရဲဘော်မောင်ပြူးက “ကြေးနီကားတွေက သူတို့ရဲ့ လက်နက်သော်လည်းကောင်း၊ စစ်ရေးရိက္ခာသော်လည်းကောင်း ဖြစ်နေတဲ့အတွက် ကျနော်တို့က ကြားဖြတ်တိုက်ရတာဖြစ်တယ်” လို့ ရှင်းပြပါတယ်။ 

ကြေးနီကားတွေဟာ အရင်နှစ်တွေက ၂ လမှာ တကြိမ်ထွက်လေ့ရှိသော်လည်း လက်ရှိမှာ စစ်ကောင်စီက မုံရွာ-မန္တလေးကားလမ်းမှာ လုံခြုံရေးအပြည့်ယူပေးထားပြီး ကြေးနီကားတွေဟာ နေ့တိုင်းလိုလိုထွက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

“သူတို့လမ်းကြောတလျှောက် လုံခြုံရေးအပြည့်ယူထားတယ်ဆိုရင် နေ့တိုင်းလိုလိုသွားတယ်။ မသွားဘူး ဆိုရင်တောင် တပတ်လောက်ပဲခြားတယ်။ တခါသွားပြီဆိုရင် (မော်တော်ယာဉ်) ၂၀၊ ၂၅ စီး သွားကြတယ်။” လို့ ရဲဘော်မောင်ပြူးက ပြောပါတယ်။ 

အဆိုပါ ကြေးနီတင်ဆောင်လာတဲ့ကားတွေနဲ့ လုံခြုံရေးယူပေးတဲ့ စစ်ကောင်စီစစ်ကြောင်းကို ချောင်းဦးမြို့နယ်နဲ့ မြင်းမူမြို့နယ်၊ ဝမ်းပြည့်ရွာနဲ့ အလ္လကပ္ပရွာအကြား မုံရွာ-မန္တလေး လမ်းပိုင်းတွေမှာ ဒေသကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်တာ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေ လုပ်ခဲ့ကြပါတယ်။ 

မြေလတ်အသံသတင်းဌာနရဲ့ လေ့လာထားမှုအရ အဲဒီလိုတိုက်ခိုက်တာတွေဟာ ဇွန်လတတိယပတ်နဲ့ နောက်ဆုံး အပတ်ထဲမှာ ၅ ကြိမ်ဆက်တိုက်ပြုလုပ်ခဲ့တာတွေ့ရပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံး၊ ဒဏ်ရာရတာ၊ မော်တော်ယာဉ်မောင်း သေဆုံး တာနဲ့ မော်တော်ယာဉ်ထိခိုက်ပျက်စီးတာတွေဖြစ်ခဲ့ကြပါတယ်။ 

ဒါပေမဲ့ “မိုင်းမဆွဲနိုင်တဲ့ ကြေးနီကားတွေကတော့ အများအပြားပါပဲ။” လို့  Dog Killers People's Defence Force Myinmu (DK PDF-MMU)မှ ရဲဘော်မောင်ပြူးက ဆိုပါတယ်။ 

အရင်နှစ်တွေက ကြေးနီကားတွေကို မိုင်းဆွဲတိုက်ခိုက်ရာမှာ ဖြတ်သန်းသွားတဲ့မော်တော်ယာဉ်အားလုံးနီးပါးကို မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ပေမယ့် အခုအခါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းကြောတလျှောက် လုံခြုံရေးကင်း တွေ ဆက်တိုက်ချထားတဲ့အတွက် “သူတို့လစ်လပ်သွားတဲ့အချိန်မှာ မိုင်းတင်ခဲ့ပြီး ဆွဲရတယ်။ နောက်ထပ်ဆွဲ မယ့်အချိန်မှာ သူတို့က လုံခြုံရေးယူထားတော့ အဲဒီလိုအခြေအနေမှာ (ကြေးနီကားတွေ) လွတ်သွားတာတွေရှိတယ်” လို့ သူက ရှင်းပြပါတယ်။ 

အဲဒီ‌ကြေးနီကားတွေဟာ လက်ပံတောင်းတောင်မှ မန္တလေးဘက်သို့သွားခဲ့ရာမှာ အရင်က မုံရွာ-ရွှေဘိုလမ်း အရာတော်ဘက်မှတဆင့်သွားခဲ့သလို မုံရွာ-မန္တလေးလမ်းကိုလည်း အသုံးပြုခဲ့ကြပါတယ်။ 

ဒါပေမဲ့ လက်ရှိမှာ အရာတော်ဘက်ရှိ မုံရွာ-ရွှေဘိုလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေ စိုးမိုးထားတာကြောင့် စစ်ကောင်စီဟာ ကြေးနီတွေကို မုံရွာ-မန္တလေးလမ်းပိုင်းကပဲ အဓိက သယ်ဆောင်နေတယ်လို့ သိရပါတယ်။ 

ကြေနီးကားတွေ ဖြတ်သန်းမသွားလာခြင်းမပြုနိုင်အောင် ဒေသခံတော်လှန်ရေးအင်အားစုတချို့သာ လုပ်နေတာမျိုးထက် တော်လှန်ရေးအင်အားစုတွေပေါင်းပြီး စစ်ကောင်စီရဲ့ လုံခြုံရေးယူထားတဲ့ကင်းစခန်းတွေ၊ ဂိတ်စခန်းတွေကို တညီတညာတည်း တိုက်ခိုက်ဖို့ လိုအပ်လိမ့်မယ်လို့ Dog Killers People's Defence Force Myinmu (DK PDF-MMU)မှ ရဲဘော်မောင်ပြူးက ပြောပါတယ်။

သူတို့အဖွဲ့အနေနဲ့ ပြည်ပအလှူရှင်၊ NUG ရဲ့အထောက်အပံ့ရရှိထားတာမျိုးမဟုတ်ဘဲ ပြည်တွင်းအလှူရှင်ပေါ်မှာသာမှီခိုပြီး ရသမျှငွေကြေးဖြင့် လက်နက်ခဲယမ်းရိက္ခာဖြည့်တင်းနေရခြင်းဖြစ်ရာ “ကျနော်တို့အဖွဲ့တခုတည်းအနေနဲ့ သူတို့ကိုတိုက်ဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်ဘူး။” လို့ သူက မှတ်ချက်ပြုပါတယ်။ 

တခြားသောဒေသကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ကလည်း အလှူငွေရရှိမှုအခက်အခဲတွေရှိတာကြောင့် ရိက္ခာနဲ့လက်နက်ခဲယမ်းတွေကို ခြိုးခြံချွေတာအသုံးပြုနေရတဲ့အခြေအနေရှိပြီး တကယ်တမ်းစစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့အခါ ခုခံကာကွယ်နိုင်ရုံလောက်သာ ပြင်ဆင်ထားတဲ့အခြေအနေသာရှိကြတယ်လို့ ဆိုပါ တယ်။

ဆားလင်းကြီးမြို့နယ်အတွင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သလို လက်ပံတောင်းတောင် စောင့်ကြည့် လေ့လာနေတဲ့ အဖွဲ့တခုဖြစ်တဲ့ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုမှ ရဲဘော်မြတ်ကိုက အခုလို တရုတ် ကုမ္ပဏီနဲ့ စစ်ကောင်စီရဲ့ ကြေးနီထုတ်လုပ်နေကြတာကို ဒေသမှာရှိတဲ့တော်လှန်ရေးအဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေအနေနဲ့ ဘယ်လိုတွေ တားဆီးသွားဖို့အစီအစဉ်တွေရှိလဲလို့ မေးခွန်းထုတ်ရင်း အခုလို မှတ်ချက်ပြုပါတယ်။

“ဒီအတိုင်းသာပစ်ထားမယ်ဆိုလို့ရှိရင် ကိုယ့်ပြည်သူကိုသတ်မယ့်၊ ကိုယ့်တိုင်းပြည်ကို ဖျက်စီးမယ့် လေယာဉ်ဆီနဲ့ ခဲယမ်းမီးကျောက်တွေ ဝယ်မယ့်ဘတ်ဂျက်တွေကို ထိုင်ကြည့်နေကြတော့မှာလား”

#မြေလတ်အသံ

#စစ်ကိုင်း #ဆားလင်းကြီး #လက်ပံတောင်းတောင် #ကြေးနီစီမံကိန်း #တရုတ်ကုမ္ပဏီ #စစ်တပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10