တော်လှန်ရေးတပ်ဖွဲ့များနှင့် NUG ဖြေရမည့် အရေးကြီးပုစ္ဆာတခု (အယ်ဒီတာ့ အာဘော်)

တော်လှန်ရေးတပ်ဖွဲ့များနှင့် NUG ဖြေရမည့် အရေးကြီးပုစ္ဆာတခု (အယ်ဒီတာ့ အာဘော်)

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် စက်တင်ဘာလအတွင်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်မြင်တွေ့နေရသည်။ 

စစ်ကောင်စီသည် ၎င်းတို့လက်လွှတ်လိုက်ရသည့်မြို့များ၊ အုပ်ချုပ်ခွင့်မရသော ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်အပါအဝင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတွင်ပါ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းများ ခပ်စိပ်စိပ်မြင်တွေ့လာရသည်။ 

ယခုလ(စက်တင်ဘာ) ၄ ရက်က ထုတ်ပြန်သည့် UNHCR ၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီသည် လေကြောင်း တိုက်ခိုက်မှုကို ပိုမိုပြုလုပ်လာကြောင်း၊ ၂၀၂၃ ဧပြီလမှ ၂၀၂၄ ဇွန်လအထိ တနိုင်ငံလုံးတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂,၀၀၀ ကျော်ပြုလုပ်ခဲ့ပြီး သေဆုံးသူ ၆၁၃ ယောက်ရှိခဲ့ကြောင်း  ဖော်ပြထားသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၇ ရက် ထုတ်ပြန်ချက်အရ စက်တင်ဘာ ပထမပတ်အတွင်း၌ပင် စစ်ကောင်စီ၏ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် တနိုင်ငံလုံးတွင် သေဆုံးသူအရေ အတွက်မှာ ၄၀ ဦး အထိရှိခဲ့သည်။

TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့တွင်လည်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် တလအတွင်း ကလေး ၂ ဦးအပါအဝင် အရပ်သား ၁၅ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု စက်တင်ဘာ ၂၂ ရက်တွင် TNLA က ထုတ်ပြန်သည်။ 

စက်တင်ဘာပထမပတ်အတွင်း၌ပင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နှင့် ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အတွင်း၌ စစ်တပ်၏ လေကြောင်းဗုံးကြဲခြင်းကြောင့် ကလေးများအပါအဝင် ပြည်သူ ၂၀ ဦးသေဆုံးခဲ့သည်။ 

အလားတူ ရခိုင်ပြည်၌လည်း စက်တင်ဘာ ၈ ရက်က စစ်တပ်၏ လေကြောင်းဗုံးကြဲမှုကြောင့် ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာရှိ စစ်သုံ့ပန်းနှင့် အကျဉ်းသား စုစုပေါင်း ၁၇ ဦးသေဆုံးခဲ့ရသည်။ 

အညာဒေသကိုကြည့်မည်ဆိုလျှင်လည်း ယခုလအတွင်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲခြင်းကြောင့် စစ်ကိုင်း တိုင်းမှလွှဲ၍ မကွေးတိုင်း၊ မန္တလေးတိုင်းအတွင်း အရပ်သားပြည်သူသေဆုံးထိခိုက်မှုများရှိခဲ့သည်။ 

မြေလတ်အသံ၏ လေ့လာစောင့်ကြည့်မှုအရ စက်တင်ဘာ ၁ ရက်မှ ၂၅ ရက်အထိ မကွေးတိုင်းနှင့် မန္တလေးတိုင်း အတွင်း စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် သေဆုံးသူ စုစုပေါင်း ၂၃ ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူ များစွာရှိခဲ့သည်။ 

အထက်ပါ သေဆုံးထိခိုက်ဒဏ်ရာရသူများတွင် ကလေး၊ အမျိုးသမီးနှင့် ကိုယ်ဝန်ဆောင်မိခင်များ ပါဝင်သည်။ 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ချေဆေးရွာတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုရှိသလို နွား ၂၈ ကောင်လည်း သေဆုံးခဲ့ရသည်။ 

စက်တင်ဘာ ၆ ရက် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မရွာ လေကြောင်းဗုံးကြဲခံရမှုတွင် ဗုံးခိုကျင်း အတွင်းဝင်ရောက်ခိုလှုံနေသည့် အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၂ ဦးသေဆုံးခဲ့သည်။ 

သေဆုံးခဲ့သူများတွင် အသက် ၆ နှစ်အရွယ်မိန်းကလေးတဦးသည် မျက်နှာနှင့် လည်ပင်း ပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။ တခြားသော အမျိုးသမီးများမှာလည်း ခန္ဓာကိုယ် အပိုင်းပိုင်းပြတ်ထွက်နေသည့် အခြေအနေ များဖြင့် သေဆုံးခဲ့ရသည်။ 

ပြင်းထန်သည့် ဗုံးဒဏ်ကြောင့် လူတွေသေဆုံးသည့်အပြင် စာသင်ဆောင် ၃ ဆောင်၊ နေအိမ် ၃ လုံး၊ ကား ၁ စီး ပျက်စီးသလို  နွား ၇ ကောင်လည်း သေဆုံးခဲ့သည်။ ရိုက်ကူးထားသည့်ဓာတ်ပုံများအရ ဗုံးကျခဲ့သည့်နေရာသည် အပျက်အစီးများ၊ လူသေကောင်များဖြင့် တကယ့်ကို အနိဋ္ဌာရုံမြင်ကွင်းပင်။ 

ဤမြင်ကွင်းများ အညာဒေသတွင် ယခုရက်ပိုင်း၌ ဆက်တိုက်ဆိုသလို မြင်တွေ့လာရသည်။ ယခုအတိုင်းဆိုလျှင် လာမည့် ပွင့်လင်းရာသီ ပွဲတော်ကာလရောက်သည့်အခါ ပဇီကြီးလိုဖြစ်စဉ်မျိုး ထပ်မံကြုံရနိုင်ဖွယ်ရှိသည်။ 

ထို့ကြောင့် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုအပေါင်းက အရပ်သားပြည်သူများ လွတ်မြောက်ဖို့ မည်သို့လုပ် ဆောင်ကြမည်နည်းဆိုသည့် အမေးပုစ္ဆာတခုသည် အညာဒေသက တော်လှန်ရေးတပ်ဖွဲ့များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် အမြန်ဆုံးအဖြေပေးရမည့် အမေးပုစ္ဆာတခုဖြစ်ကြောင်း ကျွန်ုပ်တို့မြေလတ်အသံက အထူးသတိပြုဖော်ပြလိုက်ရပါသည်။

#မြေလတ်အသံ

#အယ်ဒီတာ့အာဘော် #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်မှု #ပြည်သူ #တော်လှန်ဲ​ရေးတပ်ဖွဲ့ #NUG 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10