တော်လှန်ရေးတပ်သားသစ်တွေကို လက်နက်ဘယ်လိုတပ်ဆင်မလဲ (သတင်းဆောင်းပါး)

တော်လှန်ရေးတပ်သားသစ်တွေကို လက်နက်ဘယ်လိုတပ်ဆင်မလဲ (သတင်းဆောင်းပါး)

အာဏာသိမ်းစစ်တပ်က ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်မှုထမ်းဥပဒေကျင့်သုံးလိုက်တဲ့နောက်မှာတော့ စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းလိုတဲ့ လူငယ်၊ လူရွယ်တွေဟာ အညာဒေသက လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေဆီ အလုံးအရင်းနဲ့ ချိတ်ဆက်ဝင်ရောက်လာကြပါတယ်။ 

ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး Burma Liberation Democratic Front - BLDF ဆိုရင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကျင့်သုံးလိုက်ပြီး ၂ ရက်အကြာ ဖေဖော်ဝါရီ ၁၂ မှာ တပ်သားသစ်တွေကို စတင်ခေါ်ယူခဲ့ရာ တရက်တည်းမှာတင် လာရောက်လျှောက်ထားသူဟာ အယောက် ၂၀၀ ဝန်းကျင်ရှိခဲ့တယ်လို့ BLDF ရဲ့ စစ်ဒေသ (၁) စစ်ရေးတာဝန်ခံ ရဲဘော်ဂျွန်က မြေလတ်အသံကို ပြောပါတယ်။ 

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကျင့်သုံးတာကို ပြည်သူတွေအနေနဲ့ ရတဲ့နည်းနဲ့ ဆန့်ကျင်ဖို့နဲ့ တော်လှန်ရေး တပ်ဖွဲ့တွေထဲဝင်ရောက်ဖို့ တိုက်တွန်းချက်တွေရှိနေပေမယ့်လည်း အလုံးအရင်းနဲ့ ရောက်ရှိလာတဲ့တပ်သားသစ်တွေကို လက်နက်တွေ ဘယ်လိုတပ်ဆင်ရမလဲဆိုတာက ခေါင်းခဲစရာဖြစ်လာပါတယ် လို့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအခြေစိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ 

“လက်နက်မရှိရင် စစ်သားတယောက်က ဘာမှ လုပ်မရဘူး။” လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနလက်အောက်ခံ Myingyan Black Tiger - MBT မြင်းခြံခရိုင်တပ်ရင်း ၉ မှ ဗိုလ်မိုက်ခဲက ပြောပါတယ်။ 

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကျင့်သုံးကြောင်း ကြေညာလိုက်ချိန်ကစလို့ အခုထိ Myingyan Black Tiger-MBT မြင်းခြံခရိုင် တပ်ရင်း ၉ ကို ဝင်ရောက်လာတဲ့ တပ်သားသစ်ဦးရေဟာ ၅၀ အထိရှိသွားပြီလို့ ဆိုပါတယ်။ 

ဒါ့အပြင် ဝင်ရောက်ချင်လို့ ထပ်မံချိတ်ဆက်တဲ့လူတွေလည်း အများအပြားရှိနေသေးတာကြောင့်  “တပ်ရင်း နေရာတွေကို စုံစမ်းဖို့ လွှတ်လိုက်တဲ့လူတွေလား၊ ဒါမှမဟုတ် စစ်မှုမထမ်းချင်လို့ စကစကို တော်လှန်ချင်တဲ့ လူငယ်တွေလားဆိုတာ ကျနော်တို့ သေချာစိစစ်နေတယ်။ တဖြည်းဖြည်းချင်းနဲ့ ခေါ်ယူနေတာတွေရှိတယ်” လို့ ဗိုလ်မိုက်ခဲက ဆိုပါတယ်။ 

စစ်မှုထမ်းဥပဒေပြဌာန်းပြီး လပိုင်းအတွင်းမှာပဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ပကဖထံ ဝင်ရောက်လာတဲ့ တပ်သားသစ်ဟာလည်း ၅၀ ကျော်အထိရှိခဲ့တယ်လို့ တပ်ဖွဲ့ခေါင်းဆောင်ဗိုလ်လက်ယာက ဆိုပါတယ်။ 

Myingyan Black Tiger-MBT မြင်းခြံခရိုင် တပ်ရင်း ၉ ဆိုရင် ရဲဘော်တွေကို လက်နက်တပ်ဆင်တာနဲ့ တပ်ဖွဲ့အတွက် ရိက္ခာရှာဖွေရတာတွေဟာ အရင်ကတည်းက ဖြေရှင်းနေရတဲ့ အခက်အခဲတခုဖြစ်တယ်လို့ ဦးဆောင်သူ ဗိုလ်မိုက်ခဲက ဆိုပါတယ်။ 

“တိုက်ပွဲ ဘာကြောင့်မတိုက်နိုင်လဲဆိုရင် ကျနော်တို့ ခဲယမ်းမဝယ်နိုင်လို့ပဲ။ ဘာကြောင့် ခဲယမ်းမဝယ်နိုင်လို့လဲ ဆိုရင် တပ်သားအင်အား အရမ်းများလာတာဖြစ်တဲ့အတွက် စားနပ်ရိက္ခာအပိုင်းတွေကို အရင်ဖြေရှင်းနေရ တာတွေရှိတယ်” လို့ သူက ပြောပါတယ်။

Myingyan Black Tiger - MBT တပ်ရင်းမှာရှိတဲ့ တော်လှန်ရေးရဲဘော်တွေအားလုံးကို လက်နက်တပ်ဆင်ပေး ထားနိုင်ပေမယ့် မောင်းပြန်သေနတ်ကတော့ ၁၀ ရာခိုင်နှုန်းလောက်သာရှိတယ်လို့ ဗိုလ်မိုက်ခဲက ဆိုပါတယ်။ 

“ရဲဘော်တွေကို လက်လုပ်သေနတ်၊ လက်လုပ်ကျည်ကတော့ အားလုံးကို ပေးထားနိုင်ပါတယ်။ မောင်းပြန် ကတော့ တပ်ဖွဲ့တွေမှာ ၁ လက်ရှိတာ၊ ၂ လက်ရှိတာ၊ လုံးဝ မရှိတာမျိုးတွေ ရှိပါတယ်” လို့ သူက ရှင်းပြပါတယ်။ 

ငွေကြေးမတတ်နိုင်တဲ့အတွက် မောင်းပြန်သေနတ်တွေ ဝယ်ဖို့နေနေသာသာ လက်လုပ်သေနတ်လုပ်ဖို့ ကုန်ကြမ်းဝယ်ယူဖို့တောင် တဖြည်းဖြည်းချင်း စုဆောင်းနေရတယ်လို့ ဆိုပါတယ်။ 

လက်လုပ်သေနတ်တလက်ပြုလုပ်မယ်ဆိုရင် ကျပ် ၂ သိန်းဝန်းကျင်ကုန်ကျပြီး အဲဒီသေနတ်မှာ အသုံးပြုတဲ့ ကျည်ဆန်တတောင့်ဈေးနှုန်းဟာ ကျပ် ၇၀၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ 

အညာဒေသမှာ AK 47 မောင်းပြန်သေနတ်တလက်ဝယ်ယူမယ်ဆိုပါက ကျပ်သိန်း ၂၃၀၊ ၂၄၀ ဝန်းကျင်ရှိပြီး ကျည်ဆန်တထောင့်ဟာလည်း ကျပ် ၁၀,၀၀၀ ကျော်ရှိတယ်လို့ ဗိုလ်မိုက်ခဲကဆိုပါတယ်။ 

RPG သေနတ်တလက်ကိုလည်း အနည်းဆုံး ကျပ်သိန်း ၁၇၀ မှ ကျပ်သိန်း ၄၀၀၊ ၆၀၀ အထိ ဈေးနှုန်းရှိပြီး RPG ကျည်ဆန်တထောင့်ဟာလည်း ကျပ် ၂၅ သိန်းဝန်းကျင်အထိရှိတယ်လို့ ဆိုပါတယ်။ 

အညာဒေသက တော်လှန်ရေးတပ်ဖွဲ့တွေမှာ တပ်သားသစ်တွေ တိုးလာတဲ့အတွက် လက်နက်ခဲယမ်း၊ ယူနီဖောင်းနဲ့ ရိက္ခာတွေလိုအပ်ချက်ရှိနေတာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ပကဖမှ ဗိုလ်လက်ယာကတည်း ထောက်ခံပါတယ်။ 

ဒီလိုအပ်ချက်တွေကို ဖြည့်တင်းဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အကြီးအကဲတွေနဲ့ တိုင်ပင်ဆွေးနွေးရမှာဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လည်း ချိတ်ဆက်လုပ်ဆောင်သွားရမှာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။ 

“အခက်အခဲရှိတာပေါ့၊ ဒါပေမဲ့ ဒီလိုပဲလုပ်ရမှာပေါ့။ ခေါင်းဆောင်ပိုင်းတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး လုပ်ရမှာပေါ့။” လို့ ဗိုလ်လက်ယာက ပြောပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- မြိုင်မြို့နယ်ရဲ့ လက်နက်ကိုင် တော်လှန်ရေး ၃ နှစ်တာကာလအတွင်းမှာ လက်နက်ခဲယမ်းပြည့်စုံမှုမရှိပေမဲ့လည်း ပြည်သူတွေလှူဒါန်း ထောက်ပံ့ငွေတွေနဲ့ ကြိုးစားတပ်ဆင်ခဲ့ရာမှာ တပ်ဖွဲ့ရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကိုတော့ လက်နက်တပ်ဆင်ထား နိုင်ပြီလို့ သူကဆက်ပြောပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- မြိုင်မြို့နယ် ပကဖအဖွဲ့ရဲ့ ရိက္ခာအပိုင်းကိုတော့ မြို့နယ်အချင်းချင်းချိတ်ဆက်ကာ တဦးကိုတဦး အပြန်အလှန် ကူညီတဲ့သဘောနဲ့ ပူးပေါင်းလုပ်နေကြတာဖြစ်လို့ အဆင်ပြေတယ်လို့ ဆိုပါတယ်။ 

“အဓိက လိုအပ်နေတာကတော့ လက်နက်ပဲ။ ကျန်တာတွေကတော့ ပြည်သူနဲ့သွားနေတာဆိုတော့ စားရေး သောက်ရေးလည်းအဆင်ပြေတယ်။ ဆေးဝါးတွေလည်း ပူစရာ မလိုပါဘူး” လို့ ဗိုလ်လက်ယာက ဆိုပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း မြေပြန့်ဒေသ မဟာဗျူဟာထိုးစစ် စတင်တော့မယ်လို့ ဆိုပါတယ်။ မေ ၁၄ ရက်ကလုပ်တဲ့ အမှတ် ၁ စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးရဲ့ Non Commissioned Officer (NCO) အကြပ်သင်တန်း အပတ်စဉ် ၂ သင်တန်းဆင်းပွဲကို ပေးပို့တဲ့သဝဏ်လွှာမှာ ခုလိုထည့်သွင်းပြောဆိုခဲ့တာပါ။ 

“လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေတွေအရ မကြာခင်ကာလမှာ အင်အားတည်ဆောက်ပြီး ပြည်သူ အားလုံးလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီနဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ တည်ငြိမ်အေးချမ်းမှုတွေကို ဖော်ဆောင်နိုင်ဖို့ မြေပြန့်ဒေသ မဟာဗျူဟာ ထိုးစစ်စတင်ပြီး အဆုံးသတ်တိုက်ပွဲ ဆင်နွှဲတော့မယ်” လို့ အဲဒီသဝဏ်လွှာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

ဒါ့အပြင် Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ - မြင်းခြံခရိုင်တပ်ရင်းမှူး ဗိုလ်သက်ကြီးနဲ့ NUG ကာကွယ်ရေး ဝန်ကြီးဦးရည်မွန်တို့ အခု မေလထဲ စစ်မြေပြင်တနေရာမှာ တွေ့ဆုံခဲ့စဉ်မှာလည်း ၂၀၂၄ မှာ ကွက်ပြည့်နင်းမယ့် ဗျူဟာတွေက ပြည့်စုံသလောက်ဖြစ်လာတဲ့အတွက် လက်နက်တပ်ဆင်မယ့်အကြောင်း ဝန်ကြီးက သတင်းစကားပါးလိုက်တယ်လို့ ဗိုလ်သက်ကြီးက ဆိုပါတယ်။ 

“နေရာဒေသအစုံမှာ တိုက်ပွဲတွေ ဖော်ဆောင်ဖို့ ဝန်ကြီးတို့ စီမံချက်တွေလည်းရှိလာတာဖြစ်တဲ့အတွက် ဒီစီမံချက်အတိုင်း ဆက်သွားဖို့ ညွန်ကြားတာတွေလည်းရှိတယ်” လို့ သူက ဆိုပါတယ်။ 

ဒါ့ကြောင့် ၂၀၂၄ မှာ စစ်ရေးအခြေအနေတွေ သိသိသာသာပြောင်းလဲလာလိမ့်မယ်လို့ ဗိုလ်သက်ကြီးက ခန့်မှန်းပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံအဖွဲ့တခုဖြစ်တဲ့ Myingyan Black Tiger-MBTတပ်ဖွဲ့မှ ခေါင်းဆောင် ဗိုလ်မိုက်ခဲက အညာဒေသကတပ်ရင်းတပ်ဖွဲ့တွေရဲ့ လိုအပ်ချက်တွေကို NUG လို အကြီးပိုင်းတွေအနေနဲ့ “မြန်မြန်သွက်သွက်လက်လက် လုပ်ပေးဖို့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။ 

အညာဒေသက တပ်ရင်း၊ တပ်ဖွဲ့တွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကျောထောက်နောက်ခံမရှိတဲ့ အတွက် အခုလိုတပ်သားသစ်တွေ တိုးလာတဲ့အခါ လက်နက်တပ်ဆင်ရေးဟာ ကြီးမားတဲ့စိန်ခေါ်မှုတရပ်ဖြစ်တယ်လို့ ဗိုလ်မိုက်ခဲက ဆိုပါတယ်။ 

MBT တပ်ရင်းမှာ လက်ရှိတပ်ဆင်ထားတဲ့ လက်နက်တွေဟာ ပြည်တွင်း၊ ပြည်ပအလှူရှင်တွေက ထောက်ပို့ ကူညီပေးထားတဲ့ လက်နက်တွေဖြစ်လို့ တပ်သားသစ်တွေအတွက် NUG က လက်နက်မတပ်ဆင်ပေးပါက “ပြည်ပက ထောက်ပို့ပေးတဲ့ ထောက်ပို့တွေရဲ့ ထောက်ပံ့ပေးမှုတွေနဲ့ ဖြေရှင်းသွားရလိမ့်မယ်” လို့ သူက ဆက်ပြောပါတယ်။ 

အဲဒီပြည်တွင်း၊ ပြည်ပအလှူရှင်တွေရဲ့ ထောက်ပို့ပေးမှုတွေ ရပ်တန့်သွားမည်ဆိုပါက Myingyan Black Tiger-MBT တပ်ဖွဲ့အနေနဲ့ ဆိုးဆိုးရွားရွားအခြေအနေတွေ ရောက်သွားနိုင်တာကြောင့် “တပ်ဦးအစိုးရ NUG အနေနဲ့ ဒီပြဿနာတွေကို ဖြေရှင်းဖို့ လိုအပ်ပါတယ်” လို့ သူက ပြောပါတယ်။ 

မည်သည့်အဖွဲ့ကမှ လက်နက်ချပေးတာ မရှိသေးဘဲ ပြည်သူက တိုက်ရိုက်လှူဒါန်းတဲ့ ငွေနဲ့သာ လက်နက်တပ်ဆင်ထားရတဲ့ Myingyan Black Tiger-MBT အဖွဲ့ဟာ ၂ နှစ်ကျော်ကာလအတွင်း တိုက်ပွဲပေါင်း ၂၀၀ ကျော် ဖော်ဆောင်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်မှာ မရှိဘဲ စစ်ကိုင်းတိုင်းလက်ဝက်မြို့နယ်အရှေ့ခြမ်းမှာ အခြေစိုက် လှုပ်ရှားနေတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ဗိုလ်တိုက်ဂါး၊ ဗိုလ်ကျားကြီးအဖွဲ့ကလည်း ပြည်တွင်း၊ ပြည်ပအလှူရှင်တွေရဲ့ အကူအညီအထောက်အပံ့နဲ့သာ ရဲဘော်တွေကို လက်နက်တပ်ဆင်တာ၊ ရိက္ခာဖြည့်တင်းတာတွေကို လုပ်နေရတာပါ။ 

သူတို့တပ်ဖွဲ့ဟာ သုံးနှစ်ကာလအတွင်းမှာ စစ်ရေးမစ်ရှင် အကြီးအသေးစုစုပေါင်း ၇၀ အထိ ဖော်ဆောင်ထားပြီး ဖြစ်ပါတယ်။ 

ဗိုလ်ကျားကြီးတပ်ဖွဲ့ဟာ ပြည်သူတွေထံက အလှူငွေရရှိတဲ့အပေါ်မှာ မူတည်ပြီး ဝက်လက်မြို့နယ်ထဲမှာ တိုက်ပွဲဖော်ဆောင်နေရတာဖြစ်ပါတယ်။ ဒါကြောင့် စစ်ရေးမစ်ရှင်တွေကို ဖော်ဆောင်ချင်သော်လည်း အလှူငွေ ထောက်ပံ့မှု လုံလုံလောက်လောက် မရရှိတဲ့အတွက် စစ်ရေးမစ်ရှင်တွေကို ဖော်ဆောင်နိုင်ရုံသာ လုပ်နိုင်တယ်လို့ ဗိုလ်တိုက်ဂါးက ပြောပါတယ်။ 

“(ကျွန်တော်တို့ကို)အထက်ပုဂ္ဂိုလ်တွေက ကူညီပံ့ပိုးပေးတာမျိုးတွေက မရှိဘူးဗျ။ ကိုယ့်ဘာသာ ရှာဖွေလုပ်နေရတာပဲ။ အထက် ပုဂ္ဂိုလ်ဆိုတာ ကျနော်တို့ ယုံကြည်အားကိုးထားတဲ့ NUG တို့၊  CRPH တို့ပေါ့။ အခုအချိန်ထိ တခါမှ မရခဲ့ပါဘူး ခင်ဗျ” လို့ သူက ဖြည့်စွက်ပြောပါတယ်။ 

လက်ရှိမှာ သူတို့တပ်ဖွဲ့ကိုလည်း တပ်သားသစ်တွေ ထပ်မံရောက်လာတဲ့အတွက် စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်း တွေ လတ်တလော လိုအပ်လို့နေပါတယ်။ တပ်သားသစ်တွေအတွက် အရေးအကြီးဆုံးလိုအပ်ချက်ကတော့ လက်နက်တပ်ဆင်ဖို့ဖြစ်တယ်လို့ သူက ဆိုပါတယ်။ 

အာဏာရှင်စနစ်ပြုတ်ကျသွားရေးသာ အဓိကဖြစ်တဲ့အတွက် တပ်သားသစ်တွေ လိုအပ်နေတဲ့ လက်နက်တွေကို ဘယ်အဖွဲ့ကရရ လိုချင်တဲ့အကြောင်း Myingyan Black Tiger-MBT မြင်းခြံခရိုင် တပ်ရင်း ၉ မှ ဗိုလ်မိုက်ခဲက အခုလို ပြောပါတယ်။ 

“ကျနော်တို့ အကောင်းဆုံးကြိုးစားမယ်၊ အာဏာရှင်စနစ်ကို မရရတဲ့နည်းနဲ့ တိုက်ထုတ်မှာပဲ။ ရတဲ့အကူအညီကတော့ ဘယ်သူ့ဆီကရရလိုချင်ပါတယ်”

#မြေလတ်အသံ

#ဆောင်းပါး #သတင်းဆောင်းပါး #တော်လှန်ရေး #တပ်သားသစ် #လက်နက်တပ်ဆင်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10