တော်လှန်ရေးဒေသအသီးသီးက မွတ်စလင်လူမျိုးစုရဲဘော်တွေကို ခွဲခြားမမြင်ဖို့ MMMCC မျှော်လင့် (ရုပ်/သံ)

မြန်မာနိုင်ငံ တော်လှန်ရေးဒေသအသီးသီးမှာ ရောက်ရှိနေကြတဲ့ မွတ်စလင်လူမျိုးစု ရဲဘော်တွေကို ခွဲခြားမမြင်ဘဲ ရဲဘော်တဦးအဖြစ်သာ မြင်ပေးကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင် လူမျိုးစုများအတိုင်ပင်ခံကော်မတီ(MMMCC) အနေနဲ့ မျှော်လင့်တယ်လို့ ပြောပါတယ်။ 

MMMCC ဖွဲ့စည်းတာ ၃ နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားကို ဇွန်လ ၆ ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ တနေရာမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ကော်မတီတာဝန်ရှိသူတွေ၊ NUCC အဖွဲ့ဝင်တွေနဲ့ အခြား တော်လှန်အင်အားစုတွေ တက်ရောက်ခဲ့ပါတယ်။ 

အခမ်းအနားမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ကိစ္စနဲ့ပတ်သက်ပြီး တော်လှန်ရေးဒေသအသီးသီးမှာ ရောက်ရှိနေကြတဲ့ မွတ်စလင်လူမျိုးစုတွေအပေါ်  အမြင်မလွဲဖို့နဲ့ စစ်ကောင်စီကို နည်းမျိုးစုံနဲ့တော်လှန်နေတဲ့ ရဲဘော်ရဲဘက်တွေအဖြစ်သာမြင်ပြီး တန်းတူညီမျှ ဆက်ဆံကြပါလို့ MMMCC ရဲ့ နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ ဦးကျော်ဝင်း က ပြောပါတယ်။

မဟာမိတ်ဖြစ်တဲ့ အာရက္ခတပ်တော် (AA) အားပေးထောက်ခံပြီး အောင်မြင်စေချင်ကာ ရခိုင်ပြည်နယ်မှာ ရှိတဲ့ ရခိုင်ညီအကိုတွေကို လွတ်လပ်စေချင်ပြီး တတ်နိုင်သလောက်ပါဝင်ကာ အသံထုတ်နေသလို ဘူးသီးတောင်ဖြစ်စဉ်နဲ့ပတ်သက်လို့ AA ကဦးဆောင်ပြီးဖြေရှင်းကာ အရေးယူသင့်သူကိုယူကာ ကူညီသင့်သူကိုညီပေးဖို့ကိုလည်း တောင်းဆိုတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် MMMCC အနေနဲ့ NUCC, NUG တို့နဲ့လည်း ခိုင်မာတဲ့ ယုံကြည်မှုတည်ဆောက်နေပြီး တဘက်ကလည်း တုန့်ပြန်မှုကောင်းကောင်းရှိထားပေမယ့် လူနည်းစုများအခွင့်အရေးအဖြစ် NUCC မှာအဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်မရေးသေးဘူးလို့ ဆိုပါတယ်။ 

အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကောင်စီဝင် ဦးတိုးကျော်လှိုင်ကလည်း အမှတ်တရစကားပြောကြားခဲ့ပြီး NUCC မှာ အဖွဲ့ဝင်အသစ်အဖွဲ့ လျှောက်ထားဆဲ ၁၀ ဖွဲ့လောက်ရှိပြီး လျှင်လျှင်မြန်မြန်စိစစ်နိုင်ရေး ကောင်စီရဲ့ တချို့လုပ်ငန်းယန္တရားပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ရှိနေသေး တယ်လို့ ပြောဆိုပါတယ်။

မွတ်စလင်လူမျိုးစုအနေနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးကဏ္ဍအသီးသီးမှာ ပါဝင်လက်တွဲလုပ်ဆောင်နေပြီး တော်လှန်ရေးအောင်နိုင်သည်အထိ ဆက်လက်လုပ်ဆောင်နေမှာဖြစ်တယ်လို့ MMMCC တာဝန်ရှိသူတွေက ပြောပါတယ်။ 

နွေဦးတော်လှန်ရေး စတင်ချိန်ကနေ ၂၀၂၄ ခုနှစ် မေလ ၁၄ ရက်နေ့အထိ လက်နက်ကိုင်ရဲဘော်များအပါအဝင် ပုံစံမျိုးစုံနဲ့ တော်လှန်ရင်း ကျဆုံးခဲ့ကြတဲ့ မွတ်စလင်လူမျိုးစုတော်လှန်ရေးသမား ၁၇၇ ဦးရှိပြီလို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#MMMCC  #၃နှစ်ပြည့်  #မွတ်စလင် #လူမျိုးစု #ခွဲခြားမမြင်ဖို့ #MMMCC #မျှော်လင့် #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10