တော်လှန်ရေးနဲ့အတူ ပြောင်းလဲပစ်ရမယ့် မှတ်ပုံတင်ပေါ်က လူမျိုးဘာသာခွဲခြားမှု (ဆောင်းပါး)

တော်လှန်ရေးနဲ့အတူ ပြောင်းလဲပစ်ရမယ့် မှတ်ပုံတင်ပေါ်က လူမျိုးဘာသာခွဲခြားမှု (ဆောင်းပါး)

ကိုအောင်(အမည်လွှဲ)တယောက် စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ထဲမှာ ဇာတိမြို့ကနေ ပဲခူးဘက်ကို ခရီးတခု သွားခဲ့ပါတယ်။ 

လှည်းကူးနဲ့ ပဲခူးကြားက စစ်ဆေးရေးဂိတ်အရောက်မှာတော့ ကားစပယ်ယာက ခရီးသည်တဦးချင်းစီရဲ့ မှတ်ပုံတင်တွေကိုယူပြီး လဝကဝန်ထမ်းဆီသွားပြရာ နိုင်ငံသားပြုခွင့်ကဒ်(အစိမ်းရောင်)ပိုင်ရှင် သူဟာ လဝကဝန်ထမ်းရဲ့ သီးသန့်ခေါ်ယူ စစ်ဆေးမေးမြန်းခြင်းကိုခံခဲ့ရလို့ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။ 

သူ့ကို ငွေကြေးကောက်ခံတာ၊ ခြိမ်းခြောက်တာမျိုး မလုပ်ပေမယ့် ကားတစီးလုံးမှာ သူ့တယောက်တည်းကိုသာ ခေါ်ပြီး အပြစ်မရှိအပြစ်ရှာ မေးမြန်းခဲ့တဲ့အတွက် “ဒေါသထွက်မိတယ်” လို့ သူက ပြောပါတယ်။  

လဝကဝန်ထမ်းရဲ့ ရေရေရာရာမရှိတဲ့ မေးခွန်းတွေကို သူဖြေပြီးမှ ကားပေါ်ပြန်တက်ခွင့်ရ၊ လိုရာခရီးကို ဆက်သွားခွင့်ရခဲ့ပါတယ်။ 

သူကတော့ ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တခုမှာ မွေးဖွားခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တဦးပါ။ သူကိုင်ဆောင်တဲ့ နိုင်ငံသားပြုခွင့်ကဒ်(အစိမ်းရောင်)ဟာလည်း လွယ်လွယ်ကူကူရလာခဲ့တာတော့ မဟုတ်ပါဘူး။ အချိန်ကုန်၊ ငွေကုန်ကြေးကျများစွာနဲ့ ခက်ခက်ခဲခဲရလာခဲ့တာပါ။  

ကိုအောင်ဟာ ၂၀၁၈၊ အသက် ၂၁ နှစ်အရွယ်မှာ မှတ်ပုံတင်လုပ်ဖို့ ဇာတိက မြို့နယ်လဝကရုံးမှာ စတင်ကြိုးစားခဲ့ပြီး ကိုယ်ရေးအချက်အလက်ဖောင်မှာပါတဲ့ ကိုးကွယ်တဲ့ဘာသာဖြည့်သွင်းချက်နေရာမှာ အစ္စလာမ်ဖြစ်နေတာကြောင့် သူ့ရဲ့မှတ်ပုံတင်ရရှိရေးလုပ်ငန်းစဥ်က ၃ နှစ်ကြာခဲ့ပါတယ်။

ပန်းတောင်းမြို့နယ်လဝကမှာ အမေဖြစ်သူရဲ့ မိသားစုသမိုင်းကြောင်း၊ ပေါက်ခေါင်းမြို့နယ်လဝကမှာ အဖေဖြစ်သူရဲ့ မိသားစုသမိုင်းကြောင်းတွေပါ တောင်းယူခဲ့ရပြီး ရဲစခန်း၊ ထွေအုပ်၊ ဒေသန္တရကျန်းမာရေးဌာနအပါအဝင် ဌာန ၅ ခုက လက်မှတ် ၅ ခု စုံအောင်စုပြီးမှ လျှောက်ခဲ့ရပြီး ၃ နှစ်အကြာ ၂၀၂၁ မှာ မှတ်ပုံတင်ရလာခဲ့ပါတယ်။ 

ဒါပေမယ့် နောက်ဆုံးမှာ သူရခဲ့တဲ့ မှတ်ပုံတင်ဟာ နိုင်ငံသားကဒ် ပန်းရောင်ကဒ်မဟုတ်ဘဲ နိုင်ငံသားပြုခွင့်ကဒ်လို့သာ သတ်မှတ်တဲ့ အစိမ်းရောင်ကဒ်ပါ။

သူတို့ မိသားစုဟာ မြန်မာနိုင်ငံမှာ မျိုးဆက် ၃ ဆက်ကျော်နေထိုင်ခဲ့ပြီး အဖေဖြစ်သူလက်ထက် မှတ်ပုံတင်လုပ်ခဲ့စဉ်ကလည်း  အထောက်ထားမပြည့်စုံဟုဆိုကာ နိုင်ငံသားပြုခွင့်ကဒ်ပဲ ရခဲ့ပြီး သူ့လက်ထက်မှာလည်း နိုင်ငံသားပြုခွင့်ကဒ်ပဲ ရခဲ့တာပါ။

နိုင်ငံသားပြုခွင့်ရသူတွေဆိုတာ ၁၉၄၈ ဇန်နဝါရီ ၄ ရက် မတိုင်ခင်က မြန်မာနိုင်ငံမှာ နေထိုင်နေပြီး နိုင်ငံသားအဖြစ် လျှောက်ထားရန် ကျန်ရှိနေသေးတဲ့သူတွေကို သတ်မှတ်တာပါ။ ၁၈၂၃ မတိုင်ခင်က မြန်မာနိုင်ငံထဲမှာ နေထိုင်သူတွေကိုတော့ အလိုလျောက်မြန်မာနိုင်ငံသားအဖြစ် သတ်မှတ်တယ်လို့ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေမှာ ဖော်ပြထားပါတယ်။ 

“ဒီနိုင်ငံမှာမွေးတယ် ဒီနိုင်ငံမှာနေတယ်။ အခွန်ထမ်းဆောင်တယ်။ ဥပဒေလေးစားလိုက်နာတယ်။ မဲပေးတယ်။ အဲ့ဒါတောင် ကျနော့်ကို တဆင့်နိမ့်နိုင်ငံသား။ နိုင်ငံခြားသားပုံစံ ကျနော့်နိုင်ငံက ဆက်ဆံတယ်ဆိုပြီး ဝမ်းနည်းတယ်၊ ခံပြင်းတယ်။” လို့ ကိုအောင်က ပြောပါတယ်။ 

အဲ့ဒီလို ဘာသာရေးအရခွဲခြားမှုတွေက အစိုးရယန္တရားတွေမှာသာမက ပုဂ္ဂလိက လုပ်ငန်းခွင်တွေမှာလည်း ရှိနေတယ်လို့ ခရစ်ယာန်ဘာသာဝင်ဖြစ်တာကြောင့် အလုပ်မရခဲ့တဲ့ မလှ(အမည်လွှဲ)က သူ့အဖြစ်ကို ပြောပြပါတယ်။ 

ခရစ်ယာန်ဘာသာဝင်တယောက်ဖြစ်တဲ့ မလှဟာ ပြည်မြို့က နာမည်ကြီးရွှေဆိုင်တခုမှာ ဝန်ထမ်းအဖြစ်လုပ်ကိုင်ဖို့ အလုပ်လျှောက်လွှာတင်ချိန် ကိုးကွယ်တဲ့ဘာသာမှာ ခရစ်ယာန်ဖြစ်နေတာကြောင့် အင်တာဗျူးအဆင့်ထိတောင် မရောက်ဘဲ ငြင်းပယ်ခံခဲ့ရတယ်လို့ ပြောပါတယ်။

“ခရစ်ယာန်မို့ ခန့်လို့အဆင်မပြေဘူးဆိုပြီး ပြန်လွှတ်လိုက်တယ်၊ အင်တာဗျူးအဆင့်တောင် မရောက်လိုက်ဘူး” လို့ သူ့ကို မန်နေဂျာကိုင်တိုင်က အလုပ်မပေးဘဲ ငြင်းခဲ့တဲ့အကြောင်း သူက ပြောပြပါတယ်။

သူ့ရဲ့ မိတ်ဆွေဖြစ်တဲ့ အမျိုးသမီးတဦးလည်း သူ့လိုပဲ ကြုံခဲ့ရသေးတယ်လို့ မလှ က ပြောပါတယ်။ 

သူ့မိတ်ဆွေကတော့ အဲဒီဆိုင်မှာ အင်တာဗျူးဖြေရတဲ့အဆင့်ထိ ရောက်ခဲ့ပေမယ့် လူတွေ့ အင်တာဗျူးဖြေချိန် ခရစ်ယာန်ဘာသာဝင် ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထပ်မံငြင်းပယ်ခံခဲ့ ရတာပါ။

အလုပ်မခန့်ရတဲ့အကြောင်းအရင်းကို သိချင်လို့ မန်နေဂျာကို မေးကြည့်ရာမှာတော့ အဲဒီရွှေဆိုင်ရဲ့ စည်းကမ်းအရ ဝန်ထမ်းတွေအားလုံး မနက်ပိုင်းမှာ ဘုရားရှိခိုးရပြီး အဲဒီအချိန်မှာ ကိုးကွယ်မှုဘာသာမတူတဲ့ ခရစ်ယာန်ဝန်ထမ်းတွေက ဒီအတိုင်း မတ်တပ်ရပ်နေရတာမျိုး မဖြစ်စေလိုတဲ့အတွက် အလုပ်မခန့်ခဲ့ခြင်းသာဖြစ်တယ်လို့ပြောကြောင်း မလှက ပြန်ပြောပြပါတယ်။ 

လူ့အခွင့်အရေး ကြေညာစာတမ်းအပိုဒ် ၁၈ မှာတော့ လူတိုင်း လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ရှိပြီး သက်ဝင် ယုံကြည်မှုကို လွတ်လပ်စွာပြောင်းခွင့်ရှိတယ်လို့ ပြဌာန်းထားပေမယ့် မြန်မာနိုင်ငံက လက်တွေ့လူမှုဘဝမှာတော့ ကိုးကွယ်တဲ့ဘာသာပေါ်မူတည်ပြီး ကန့်သတ်ချက်တွေ တွေ့ကြုံနေကြရတာကို သူတို့ဖြစ်ရပ်တွေက သက်သေခံနေပါတယ်။ 

မှတ်ပုံတင်နဲ့ အလုပ်လျှောက်လွှာတွေအပြင် ဘယ်ဖောင်ဖြည့်သွင်းချက်မှာမဆို “ကိုးကွယ်သည့်ဘာသာ” ဆိုတဲ့ မေးခွန်းမပါတော့ရင် အခုလို ဘာသာရေးအရ ခွဲခြားဆက်ဆံခံရတာတွေ၊ ငွေကြေး ပိုမိုကုန်ကျတာတွေ လျော့သွားနိုင်သလို ခရီးသွားချိန် စစ်ဆေးခံရတဲ့အခါမှာလည်း ခွဲခြားဆက်ဆံ၊ ကန့်သတ်မှုတွေ လျော့ပါးသွားနိုင်တယ်လို့ ဘာသာရေးနဲ့ပတ်သက်ပြီး ခွဲခြားဖိနှိပ်ခံနေရသူတွေက ပြောပါတယ်။ 

 

NUG အနေနဲ့ ဘာတွေလုပ်ဆောင်နေလဲ

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို ဖျက်သိမ်းပြီး နိုင်ငံသားဖြစ်မှုက လူမျိုး ဘာသာကို အခြေမခံဘဲ၊ မွေးဖွားခြင်းကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ၊ မူတွေ ရေးဆွဲတဲ့ လုပ်ငန်းစဥ်ဟာ နောက်ဆုံးအဆင့်ထိ ရောက်နေပြီလို့ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ဆိုပါတယ်။

“လူတယောက်ကို Identify (အမှတ်သရုပ်ခွဲနိုင်တဲ့)လုပ်နိုင်တဲ့ အထောက်ထားတွေမှာ လူမျိုး၊ ဘာသာကို ထည့်သွင်း ဖော်ပြခြင်းရှိမှာမဟုတ်ဘူး။ အခြေခံမူအားဖြင့် လတ်တလောကတော့ အဲလိုမူတွေ ချမှတ်နေတဲ့ဟာရှိတယ်။ လာမယ့် နိုင်ငံသားဖြစ်မှု ဥပဒေက လူသားဆန်မှု ဒီမိုကရေစီ စံတန်ဖိုးတွေကို အခြေခံတဲ့ ဥပဒေတွေဖြစ်ဖို့ အရေးကြီးတယ်။ အသွင်ကူးပြောင်းရေးကာလမှာ တက်လာတဲ့ အစိုးရက ဆက်လုပ်သွားဖို့ပဲရှိတာပေါ့။” လို့ သူက ပြောပါတယ်။

နှစ်ကာလကြာမြင့်စွာ လူမျိုးရေးနဲ့ ဘာသာရေးအပေါ် အခြေခံတဲ့ ဖိနှိပ်မှုတွေ ကိန်းအောင်ခဲ့တဲ့ လူ့အဖွဲ့အစည်းမှာ ဥပဒေတခုတည်းနဲ့ အချိန်တိုအတွင်း ပြုပြင်ပြောင်းလဲနိုင်မှာ မဟုတ်တဲ့အတွက် လာမယ့် အနာဂတ်ကာလမှာတော့  ခွဲခြားဆက်ဆံမှုအသွင်ဆောင်တဲ့ အစိုးရရုံးတွင်းညွှန်ကြားချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေကိုပါ တပါတည်း ဖျက်သိမ်းဖို့လိုတယ်လို့ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ပြောပါတယ်။ 

၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကိုးကွယ်မှု ၈၇ ဒသမ ၉ ရာခိုင်နှုန်း၊ ခရစ်ယာန်ဘာသာ ကိုးကွယ်မှု ၆ ဒသမ ၂ ရာခိုင်နှုန်း၊ အစ္စလာမ်ဘာသာကိုးကွယ်မှု ၄ ဒသမ ၃ ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာ ကိုးကွယ်မှု ၀ ဒသမ ၅ ရာခိုင်နှုန်း၊ နတ်ကိုးကွယ်မှု ၀ ဒသမ ၈ ရာခိုင်နှုန်း၊ အခြားဘာသာကိုးကွယ်မှု ၀ ဒသမ ၂ ရာခိုင်နှုန်း၊ ကိုးကွယ်သည့်ဘာသာမရှိသူ ၀ ဒသမ ၁ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ 

 

ဘာသာဖြည့်သွင်းချက် မပါဝင်တဲ့ စမတ်ကဒ်က အဖြေဖြစ်နိုင်လား

UID စမတ်ကဒ်ဆိုတာ မှတ်ပုံတင်အစားထိုးကဒ်တခုဖြစ်ပြီး မှတ်ပုံတင်မှာပါဝင်တဲ့ အချက်လက်တွေဖြစ်တဲ့ အမည်၊ အဘအမည်၊ မွေးသက္ကရာဇ်၊ နေရပ်လိပ်စာနဲ့ ဇီဝဗေဒ မှတ်တမ်းတွေဖြစ်တဲ့ မျက်နှာသွင်ပြင်၊ လက်ဗွေ၊ မျက်စိသူငယ်အိမ်စတဲ့ အချက်လက်တွေကို ကောက်ခံကာ ကွန်ပျူတာစနစ်မှာထည့်သွင်းပြီး ဂဏန်း ၁၀ လုံးပါတဲ့ Unique ID လက်မှတ်တခု ပြန်ထုတ်ပေးတာဖြစ်ပါတယ်။

အဲဒီ စမတ်ကဒ်ပေါ်မှာ ဘာသာ၊ လူမျိုးဖော်ပြထားခြင်း မရှိပေမယ့် အဲ့ဒီကဒ်လုပ်ဖို့ စာရင်းဖြည့်သွင်းရတဲ့ လုပ်ငန်းစဉ်မှာတော့ မှတ်ပုံတင်ဖြည့်သွင်းရသလိုမျိုး လုပ်ရတာဖြစ်ပြီး ခွဲခြားမှုတွေ၊ ငွေညှစ်တာတွေက ပုံမှန်အတိုင်းရှိနေတယ်လို့ မှတ်ပုံတင်ကနေ စမတ်ကဒ်ပြောင်းဖို့ ကြိုးစားနေသူတွေဆီကနေ သိရပါတယ်။

မှတ်ပုံတင်ကနေ စမတ်ကဒ်ပြောင်းလဲတဲ့ လုပ်ငန်းစဥ်မှာ ဖြည့်သွင်းနေရဆဲဖြစ်ပြီး မျက်နှာသွင်ပြင်ကို ကြည့်ကာ ဘာသာရေးခွဲခြားမှုတွေက ရှိနေတဲ့အတွက် ဒီကဒ်က ဘာသာရေးခွဲခြားမှုတွေကို ပပျောက်သွားစေနိုင်မယ့် အဖြေမဟုတ်ဘူးလို့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်ပြီး လေ့လာနေသူတွေက ပြောပါတယ်။  

အခုလက်ရှိမှာ စစ်ကောင်စီက UID စမတ်ကဒ်ကို ထုတ်ပေးနိုင်တာမျိုးမဟုတ်ဘဲ သက်ဆိုင်ရာ လဝက ရုံးတွေမှာ မှတ်ပုံတင်ပါ အချက်လက်နဲ့ ဇီဝဗေဒမှတ်တမ်း ဖြည့်သွင်းပြီးသူတွေကို A4 စာရွက်အရွယ် စက္ကူစလစ်တခု ထုတ်ပေးထားကာ UID ကဒ် ထုတ်ပေးချိန်မှာတော့ စက္ကူစလစ်ကိုပြကာ ပြောင်းလဲရမှာဖြစ်တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အခုနှစ် မေလ ၁ ရက်ကစပြီး ပြည်ပနိုင်ငံတွေကို ထွက်ခွာချင်ရင် မှတ်ပုံတင်အပြင် စမတ်ကဒ်(စက္ကူစလစ်)ပြနိုင်မှ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ထုတ်ပေးမယ်လို့ ကြေညာထားတဲ့အတွက် မှတ်ပုံတင်ကနေ စမတ်ကဒ်ကို ပြောင်းလဲနေသူတွေ များပြားလျက်ရှိနေပါတယ်။ 

ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ အမေရိကန်၊ ပြင်သစ်နဲ့ သြစတေးလျနိုင်ငံတွေမှာတော့ ကိုးကွယ်ယုံကြည်မှုက လူတဦးတယောက်ရဲ့ ပုဂ္ဂိုလ်ရေးကိစ္စတခုဖြစ်ပြီး မဖြစ်မနေဖြည့်သွင်းရမယ့် အချက်လက်လို့ သတ်မှတ်မထားတာကြောင့် ဘာသာရေးနဲ့  ပတ်သက်ပြီး ကောက်ခံတဲ့ အစိုးရလုပ်ငန်းစဥ်တွေ မရှိဘူးဆိုတာ တွေ့ရပါတယ်။  

အလားတူ အိမ်နီးချင်းထိုင်းနိုင်ငံမှာလည်း အစိုးရက ကောက်ခံတဲ့ နိုင်ငံသားတဦးချင်းစီရဲ့ ကိုယ်ရေး အချက်အလက်တွေဖြည့်သွင်းရာမှာ ကိုးကွယ်ယုံကြည်မှုကို မဖြစ်မနေဖြည့်သွင်းပေးရတာမျိုး မရှိဘူး ဆိုတာ တွေ့ရပါတယ်။ 

 

လူတွေရဲ့ အတွေးတွေကိုလည်း ပြောင်းလဲဖို့လို

မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်လို့ ခွဲခြားဆက်ဆံမှုအမြင်တွေဟာ အုပ်ချုပ်သူ လူတန်းစားလို့ခေါ်တဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ ပတ်ဝန်းကျင်လူမှုအသိုင်းဝိုင်းတွေဆီကနေ သန္ဓေတည် ဆင်းသက်လာတယ်လို့ လွပ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ဆိုင်ရာ မြန်မာနိုင်ငံကွန်ယက် အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ဆိုင်းက ထောက်ပြပါတယ်။

မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ ဥပဒေတွေအရ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို ပိတ်ပင်မထားပေမယ့် အိမ်ထောင်စုစာရင်း၊ မွေးစာရင်းနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ ထုတ်ပေးတဲ့ လဝကမှာတော့ ခွဲခြားဆက်ဆံမှုတွေက ရှိနေတယ်လို့ ဆိုပါတယ်။ 

မြို့နယ်လဝက ဦးစီးအရာရှိတဦးသာ ဖတ်ခွင့်ရှိတဲ့ လဝက လက်စွဲစာအုပ်(ကန့်သတ်)ထဲမှာတော့ မှတ်ပုံတင်လျှောက်ထားသူရဲ့ ရုပ်ရည်သွင်ပြင်ကိုကြည့်ပြီး တိုင်းရင်းသား ဟုတ် မဟုတ် စစ်ဆေးတာ၊ တိုင်းရင်းသားထဲ မပါဝင်ရင် သွေးနှောလို့ သတ်မှတ်ပြီး၊ ကိုးကွယ်တဲ့ ဘာသာပေါ် မူတည်ကာ လူမျိုးနေရာမှာ ဗမာအိန္ဒိယ၊ ဗမာပါကစ္စတန်၊ ဗမာဘင်္ဂလားဒေ့ရှ် စတဲ့ သွေးနှောသူတွေအဖြစ် သတ်မှတ်ဖို့ ဥပဒေနဲ့ မကိုက်ညီတဲ့ ညွှန်ကြားချက်တွေပါဝင်တယ်လို့ ၂၀၂၀၊ ဇန်နဝါရီလ မော်ကွန်းမဂ္ဂဇင်းက ထုတ်ဝေတဲ့  “လူမျိုလို့ လူမျိုးပြုတ်မှာလား၊ လဝကမျိုလို့ လူမျိုးပြုတ်မှာလား” ဆိုတဲ့ ဆောင်းပါးပါ အချက်လက်အရ သိရပါတယ်။

လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်ပြီး လေ့လာနေတဲ့ ပြည်သူတဦးကတော့ အစိုးရယန္တရားထဲမှာ လည်ပတ်နေတဲ့ ဝန်ထမ်းအများစုရဲ့ လုပ်ကိုင်မှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ခံယူချက်တွေထဲမှာ မှတ်ပုံတင်ကဒ်ပါ အချက်လက်ကို မကြည့်ခင် လူတဦးတယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာကို အရင်ကြည့်ပြီး ဘာသာရေးခွဲခြားတဲ့ အလေ့ထတွေက ရှိနေကြတဲ့အတွက် သူတို့ရဲ့ အတွေးနဲ့ ခံယူချက်တွေကို ပြောင်းလဲပေးနိုင်ဖို့  အသိပညာပေးသင်တန်းတွေလည်း လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။

“ပြည်သူလူထုရဲ့ အသိပညာ ရေချိန်ကိုမြှင့်ပေးဖို့ အစိုးရက Advocacy လုပ်ဖို့လိုအပ်တယ်။ အဓိကအားဖြင့် ဝန်ထမ်းဖြစ်လာမယ့်သူတွေကို လေ့ကျင့်ပျိုးထောင်တဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ်တွေက ဗမာလူမျိုးကြီးဝါဒ ကျင့်သုံးဖို့နဲ့ ဘာသာလူမျိုးမတူရင်၊ ဗမာဗုဒ္ဓ မဟုတ်ရင်၊ ဗမာဗုဒ္ဓတွေရတဲ့ အခွင့်အရေးတွေမပေးဖို့ မှိုင်းထည့်ပေးလိုက်ပြီးသား။” လို့ သူက ဆက်ရှင်းပြပါတယ်။ 

အစိုးရရုံးဌာနတွေမှာ လူမျိုးမတူ၊ ကိုးကွယ်ယုံကြည်မှု မတူညီကြတဲ့သူတွေကို အလုပ်မခန့်တာ၊ ရာထူးကြီးကြီး မပေးတာမျိုးလို ခွဲခြားကန့်သတ်မှုတွေကလည်း လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုနဲ့ လူမျိုးရေးခွဲခြားမှုတွေကို ဖြစ်စေတဲ့ အကြောင်းတွေပဲလို့ ဆိုပါတယ်။ 

တော်လှန်ရေးအလွန် ပြုပြင်ပြောင်းလဲရေးကာလမှာ ကိုးကွယ်တဲ့ဘာသာ ဖြည့်သွင်းရတဲ့ အလေ့ထတွေကို ပယ်ဖျက်ပြီး လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို ဦးစားပေးတဲ့ နိုင်ငံတခု၊ လူမျိုးရေး မခွဲခြားတဲ့နိုင်ငံတခုဖြစ်လာဖို့ မျှော်လင့်တယ်လို့ အစ္စလာမ်ကိုးကွယ်သူ ပြုနိုင်ငံသားကဒ်ရထားသူ  ကိုအောင်က ပြောပါတယ်။

“အကိုက ဒီနေ့ အစ္စလာမ်ကိုးကွယ်မယ်၊ မနက်ဖြန် ဗုဒ္ဓဘာသာ ကိုးကွယ်ရင်လည်း ကိုးကွယ်မယ်၊ အဲ့တော့ မှတ်ပုံတင်ထဲမှာ ဒီလူက ဒီဘာသာကို ကိုးကွယ်ပါတယ်ဆိုပြီးတော့ သက်သေပြစရာ ဘာအကြောင်းမှ မရှိဘူး။”

#မြေလတ်အသံ

#ဆောင်းပါး #ဘာသာရေး #ကိုးကွယ်ယုံကြည်မှု #ခွဲခြားဆက်ဆံမှု #လွတ်လပ်ခွင့် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10