သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပြင်ပဆောင်းပါးရှင် - ကိုနေ့သစ်
ကမ္ဘာပေါ်ရှိ လူတော်တော်များများသည် ပူပြင်းခြောက်သွေ့သော ရာသီဥတုထက် စိမ်းစိုလန်းဆန်းသော ရာသီဥတုကိုသာ ကြိုက်နှစ်သက်ကြသည်။ တောတောင်သစ်ပင်များသည် အပူဒဏ်သက်သာစေပြီး အေးမြသော အရိပ်အာဝါသကိုပေး၏။
လေထုညစ်ညမ်းမှုကိုဖြစ်စေသော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ကို စုပ်ယူပြီး လူများ၊ သတ္တဝါများနှင့် သက်ရှိများအတွက် မရှိမဖြစ်လိုအပ်သော အောက်ဆီဂျင်ဓါတ်ငွေ့ကို ထုတ်ပေး၏။ သစ်တောများသည် မိုးခေါင်ခြင်းကို တာဆီးပေးပြီး မြေအောက်ရေရရှိမှုအတွက် များစွာအကျိုးပြု၏။
မြေဆီလွှာတိုက်စားမှုကိုလည်း ကာကွယ်ပေးပြီး လေထုကို အေးမြစေ၏။ ထို့ကြောင့် သစ်တောများသည် လူသားများသာမက သက်ရှိသတ္တဝါအားလုံးအတွက် များစွာအကျိုးပြုနေပြီး ကမ္ဘာပေါ်တွင် သစ်ပင်များမရှိပါက သက်ရှိသတ္တဝါအားလုံး မျိုးတုံးပျောက်ကွယ်သွားနိုင်ပါသည်။
သစ်ပင်တို့သည် လူသားတို့အတွက် အကျိုးကျေးဇူးများစွာ ပေးစွမ်းနေသော်ငြားလည်း မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် သစ်တောပြုန်းတီးမှုကို ထိန်းချုပ်နိုင်ခြင်းမရှိပေ။ မြန်မာနိုင်ငံတွင် အစိုးရအဆက်ဆက်သည် နိုင်ငံခြားဝင်ငွေ ရရှိစေရန် သစ်ထုတ်လုပ်မှုကို စည်းကမ်းမဲ့စွာ တရားဝင်လုပ်ကိုင်ခဲ့ကြပြီး ပြုန်းတီးသွားသည့် သစ်တောများကို ပြန်လည်စိုက်ပျိုးခြင်း မရှိခဲ့သည့်အတွက် မြန်မာ့သစ်တောအများစုသည် သစ်တောပြုန်းတီးမှုဒဏ်များနှင့် ကြုံတွေ့နေရပါသည်။
မြန်မာနိုင်ငံသည် ဦးသိန်းစိန်အစိုးရလက်ထက်က တကမ္ဘာလုံးအတိုင်းအတာအရ သစ်တောပြုန်းတီးမှုမှာ တတိယနေရာတွင် ရှိနေခဲ့သည်။ မြန်မာနိုင်ငံသည် တနှစ်လျှင် သစ်တောဧရိယာ ၅၄၆,၀၀၀ ဟက်တာနှုန်း၊ သစ်တောဖုံးလွှမ်းဧရိယာရဲ့ ၁ ဒသမ ၈ ရာခိုင်နှုန်းကို ဆုံးရှုံးလျှက် ရှိသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် တရားဥပဒေ ယိုယွင်းလာခြင်းနှင့် အကျင့်ပျက်ခြစားလာမှုကြောင့် နိုင်ငံအနှံ့အပြားတွင် တရားမဝင် သစ်ခိုးထုတ်မှုများ အရှိန်မြင့်လာသည်။ ထိုတွင် စစ်ကိုင်းတိုင်း၏ သစ်ခိုးထုတ်မှုအခြေအနေသည် ထိန်းချုပ်မှု ကင်းမဲ့နေပြီး သစ်ပင်များ တစ်နေ့တခြား အထိန်းအကွပ်မဲ့စွာ ခိုးထုတ်ခံနေရပါသည်။
၂၀၁၅ ခုနှစ် သစ်တောဦးစီးဌာန၏ ထုတ်ပြန်ထားသော သတင်းအချက်အလက်များအရ စစ်ကိုင်းတိုင်းတွင် သစ်တောကြိုးဝိုင်းအရေအတွက် ၁၆၀ ရှိပြီး ကြိုးဝိုင်းတောဧရိယာ စုစုပေါင်း ဧက ၆ သန်းခန့်ရှိပြီး သစ်တော ဖုံးလွှမ်းမှုမှာ မြန်မာနိုင်ငံတွင် ဧက ၁၁ သန်းဖြင့် တတိယနေရာတွင် ရပ်တည်နေကြောင်းလည်း သိရသည်။
ဒေသခံများ၏ ဖော်ပြချက်များနှင့် သတင်းမီဒီယာများ၏ ဖော်ပြချက်များအရ ယခုလက်ရှိတွင် အလွန်အကျွံ သစ်ခိုးထုတ်နေသောဒေသမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ကသာခရိုင်ဖြစ်သည်။ ကသာခရိုင်တွင် ကသာ၊ ထီးချိုင့်၊ အင်းတော်၊ ဗန်းမောက်တို့ပါဝင်သည်။
၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေးမှူးဌာန၏ ကောက်ယူထားသော မှတ်တမ်းများအရ ကသာမြို့နယ်၏ သစ်တောဖုံးလွှမ်းမှုမှာ မြို့နယ်ဧရိယာ၏ ၇၂ ဒသမ ၀၁ ရာခိုင်နှုန်း ရှိပါသည်။ ၎င်းတို့အနက် သစ်တောကြိုးဝိုင်း ဧရိယာမှာ ၂၁၂,၄၁၆ ဒသမ ၇၂ ဧကနှင့် ကြိုးပြင်ကာကွယ်တော ဧရိယာမှာ ၄၇,၁၈၀ ဧကရှိပြီး ရာခိုင်နှုန်းအားဖြင့် ကြိုးဝိုင်းကာကွယ်တော ဖုံးလွှမ်းမှုမှာ ၃၈ ဒသမ ၃၄ ရာခိုင်နှုန်းနှင့် ကြိုးပြင်ကာကွယ်တော ဖုံးလွှမ်းမှုမှာ ၈ ဒသမ ၅၂ ရာခိုင်နှုန်းရှိပါသည်။
ထီးချိုင့်မြို့နယ်၏ သစ်တောဖုံးလွှမ်းမှုမှာလည်း မြို့နယ်ဧရိယာ၏ ၅၃ ဒသမ ၈၈ ရာခိုင်နှုန်း ရှိပါသည်။ ၎င်းတို့အနက် ကြိုးဝိုင်းဧရိယာမှာ ၂၀၈,၂၆၆ ဒသမ ၇ ဧကနှင့် ကြိုးပြင်ကာကွယ်တော ဧရိယာ ၃၂,၂၄၂ ဧက ရှိပြီး ရာခိုင်နှုန်းအားဖြင့် ကြိုးဝိုင်းကာကွယ်တော ဖုံးလွှမ်းမှုမှာ ၄၆ ဒသမ ၄၄ ရာခိုင်နှုန်းဖြစ်ပြီး ကြိုးပြင်ကာကွယ်တော ဖုံးလွှမ်းမှုမှာ ၇ ဒသမ ၂၂ ရာခိုင်နှုန်း ရှိပါသည်။
အင်းတော်မြို့နယ်တွင်လည်း သစ်တောဖုံးလွှမ်းမှုမှာ မြို့နယ်ဧရိယာ၏ ၅၆ ရာခိုင်နှုန်းရှိပြီး ၎င်းတို့အနက် ကြိုးဝိုင်းကာကွယ်တောဖုံးလွှမ်းမှုမှာ ၂၂၃,၈၉၀ ဧကနှင့် ကြိုးပြင်ကာကွယ်တော ဖုံးလွှမ်းမှုမှာ ၅၉,၁၂၀ ဧက ရှိပါသည်။ ရာခိုင်နှုန်းအားဖြင့် ကြိုးဝိုင်းကာကွယ်တောမှာ ၅၁ ရာခိုင်နှုန်းနှင့် ကြိုးပြင်ကာကွယ်တောမှာ ၁၇ ဒသမ ၅၆ ရာခိုင်နှုန်းဖြစ်ပါသည်။
ဗန်းမောက်မြို့နယ်၏ သစ်တောဖုံးလွှမ်းမှုသည်လည်း မြို့နယ်ဧရိယာ၏ ၈၄ ဒသမ ၂၄ ရာခိုင်နှုန်း ရှိပါသည်။ ၎င်းတို့အနက်မှ ကြိုးဝိုင်းကာကွယ်တော ဧရိယာမှာ ၃၆၄,၀၆၄ ဧကနှင့် ကြိုးပြင်ကာကွယ်တော ဧရိယာမှာ ၂၀၇,၁၀၇ ဧကရှိပြီး ရာခိုင်နှုန်းအားဖြင့် ကြိုးဝိုင်းတော ဖုံးလွှမ်းမှုမှာ ၄၃ ဒသမ ၁၃ ရာခိုင်နှုန်းရှိပြီး ကြိုးပြင်တောဖုံးလွှမ်းမှုမှာ ၃၁ ဒသမ ၁၁ ရာခိုင်နှုန်း ရှိပါသည်။
ကသာခရိုင်အတွင်းတွင် ထူထပ်များပြားစွာ ပေါက်ရောက်သော သစ်တောများစွာထဲမှ အဓိကပေါက်ရောက်သော အဖိုးတန်သစ်များမှာ ကျွန်း၊ ပျဉ်းကတိုး၊ အင်ကြင်း၊ စကားဝါ၊ ပိတောက်၊ တမလန်း၊ ကညင်၊ အင် စသည့်သစ်များဖြစ်ကြသည်။
ကသာခရိုင်အတွင်းတွင် သစ်တောဖုံးလွှမ်းမှု ဧရိယာ၏ ၃ ပုံ ၂ ပုံခန့်မှာ သစ်များခိုးထုတ်ခံရမှု၊ တရားမဝင် အခင်းကွက်များ ချဲ့ထွင်ခံရမှုနှင့် တွင်းထွက်သယံဇာတများ အဆမတန် တူးဖော်နေမှုများကြောင့် သစ်တော ပြုန်းတီးမှု အန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း သတင်းများ၊ ဓါတ်ပုံမှတ်တမ်းများအရ သိရပါသည်။
ယခုလက်ရှိ ကသာခရိုင်တွင် ဗန်းမောက်မြို့နယ်သည် သစ်တောဖုံးလွှမ်းမှု အများဆုံးဖြစ်သကဲ့သို့ သစ်ခိုးထုတ်ခံရမှု အများဆုံးဖြစ်နေသည်ဟု ဒေသခံများထံမှ သိရပါသည်။
ဗန်းမောက်မြို့နယ်တွင် သစ်ခိုးထုတ်နေသူများမှာ ကချင်ပြည်နယ် ဗန်းမော်၊ မံစီနှင့် လွယ်ဂျယ်ဘက်မှ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်သည့်အပြင် နယ်မြေခံလုပ်ငန်းရှင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖများ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပအဖများပါ ပါဝင်ကြောင်း ကာကွယ်ရေးအဖွဲ့များနှင့် နီးစပ်သည့် ဗန်းမောက်ဒေသခံ CDM ဝန်ထမ်းအမျိုးသားတဦးထံမှ သိရသည်။
“သူတို့က ဗန်းမော်၊ မံစီနဲ့ လွယ်ဂျယ်ဘက်ကတွေ။ တချို့ဆို ဗမာစကားမတတ်တဲ့ တရုတ်တွေပါ ပါတယ်။ သူတို့က ဒီနယ်မြေခံ ပကဖ၊ ပအဖ အဖွဲ့တွေနဲ့ပေါင်းပြီး ထုတ်နေကြတာ။ ဒီမှာတာဝန်ရှိတဲ့ KIA ပါ ပါဝင်နေတော့ ကျနော်တို့လည်း ဘာမှ မပြောနိုင်ဘူး။ အမှန်အတိုင်း ဒဲ့ကြီးသွားပြောလို့လည်း မကောင်းဘူးလေ။ ကျနော်တို့ ဗန်းမောက်မှာရှိတဲ့ သစ်တွေမှာ တဖြည်းဖြည်းနဲ့ ပြောင်နေပြီ။ သူတို့က ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောတွေရော ဒီ Eco Tourism အရ ထိန်းသိမ်းရမယ့် ဇလုံတောင်လို ကြိုးဝိုင်းဧရိယာတွေမှာပါ အကုန်ခုတ်နေတာ။ မယုံရင်လာကြည့်ပါဗျာ။ သူတို့တွေ လုပ်နေတဲ့ သစ်ကွင်းကြီးတွေ၊ တရုတ်သစ်စက်တွေကို နည်းတာမဟုတ်ဘူး။ အခု မိုးတွင်းမှာ လမ်းတွေ မကောင်းတော့ သစ်ကားတွေ နားထားပေမယ့် သစ်စက်တွေတော့ လုပ်နေဆဲပဲ” ဟု သူက ဆိုသည်။
သစ်တွေခုတ်ပြီး သစ်စက်လည်မည်ဆိုလျှင် အဲ့ဒီမှာရှိတဲ့ နယ်မြေခံပကဖ၊ ပအဖတွေနဲ့ သယံဇာတ တာဝန်ခံတွေကို အခွန်ပေးဆောင်ရကြောင်း သိရသည်။
ဗန်းမောက်ဘက်တွင် ဗန်းမောက်တောင်ပိုင်းနှင့် မြောက်ပိုင်းတွင်ရှိသော သစ်တောကြိုးဝိုင်းဧရိယာများမှာ ကျွန်းသစ်များကို အဓိက ထုတ်ယူနေပြီး သစ်များကို ၁၂ ဘီးကား၊ တွဲကားဖြင့် သယ်ကာ ဗန်းမောက်၊ အင်းတော်၊ ကသာ စသည့်မြို့နယ်များရှိ ပကဖ၊ ပအဖ ဂိတ်များနှင့် စစ်ကောင်စီဂိတ်များအား အဆင့်ဆင့် ဖြတ်သန်းပြီး ကသာမြို့နယ် ချောင်းဝကနေ ရွှေကူဘက်ဖြတ်ကာ တရုတ်ပြည်ကိုပို့ကြောင်း သိရသည်။ တရုတ်ပြည်ဘက်ရောက်လျှင် သစ်တတန်ကို ကျပ်သိန်း ၅၀ ထိ ဈေးရကြောင်းသိရသည်။
“သူတို့က ဗန်းမောက်ကနေ သစ်တွေခိုးထုတ်ပြီး ၁၂ ဘီးကားတွေနဲ့ သယ်တယ်။ ပြီးတော့ အင်းတော်နယ်ကို ဖြတ်တယ်ပေါ့နော်။ ဗန်းမောက်ဘက်က ပကဖဂိတ်တွေမှာဆို သူတို့က သစ်တတန်လျှင် ၃သိန်း ကောက်တယ်။ ကားတစီးလျှင် အနည်းဆုံး ၁၅ တန်ကနေ တန် ၂၀ ထိ ပါတယ်။ တနေ့ကို အဲ့လိုကားအစီးရေ ၂၀ ကနေ ၅၀ ကြားလောက်ထိ ဖြတ်တယ်ဆိုတော့ တနေ့ကို ဘယ်လောက်ရလဲ တွက်ကြည့်လိုက်ပေ့ါ”ဟု သစ်ခိုးထုတ်လုပ်မှုများနှင့် နီးစပ်သူ အင်းတော်မြို့ခံပြည်သူတဦးက ပြောသည်။
နယ်နိမိတ်ချင်း ထိစပ်နေသော အင်းတော်နှင့် ဗန်းမောက်နယ်စပ်ရှိ အဖိုးတန်သစ်များ၊ မဲဇာဘက်တကြောရှိ သစ်များနှင့် အင်းတော်မြို့နယ်၊ မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းမကြီးဘေးရှိ ကျွန်းသစ်များနှင့် တခြားတန်ဖိုးရှိ သစ်များ ခိုးထုတ်ခံနေရမှုကြောင့် သစ်များပြုန်းတီးနေကြောင်း အင်းတော်ဒေသခံပြည်သူများထံမှ သိရသည်။
အင်းတော်မြို့နယ်တွင် သစ်စက်အရေအတွက် စုစုပေါင်း ၁၀၀ ကျော်ခန့်ရှိပြီး သစ်စက်လည်သည့်အထဲတွင် အင်းတော်မြို့ အရှေ့ဘက် ပကဖတာဝန်ခံများနှင့် အခြားတော်လှန်ရေးလုပ်နေသည်ဟုဆိုသူများပါ ပါဝင်ကြောင်း တော်လှန်ရေးနှင့်နီးစပ်သူ အင်းတော်မြို့ခံ အမျိုးသမီးတဦးထံမှ သိရသည်။
အင်းတော်မြို့နယ်တွင် သစ်စက် ၁ စက်လျှင် လစဉ်ကြေးအနေနဲ့ တလကို ၅ သိန်း ပေးဆောင်ရကာ နောက် ၁၀ သိန်းထိ တက်သွားပြီး ၁၀ သိန်းကနေ ၁၅ သိန်းထိ ပေးဆောင်ရကြောင်း သိရသည်။ ယခု ဩဂုတ်လမှစ၍ လစဉ်ကြေးအနေနဲ့ မကောက်ခံတော့ဘဲ တန်ချိန်အလိုက် ကောက်ခံကာ သစ် ၁ တန်လျှင် ၅ သိန်း ပေးဆောင်ရကာ ကိုယ့်သစ်စက်လည်သည့် တန်ချိန်အရေအတွက်အပေါ် မူတည်ပြီး ပေးဆောင်ရကြောင်း သိရသည်။
အခွန်ပေးဆောင်ရာတွင်လည်း NUG တံဆိပ်ပါသည့် ပြေစာများ လက်ခံရရှိခြင်းမရှိဘဲ ပြေစာရချင်လျှင် ဖြတ်ပိုင်းကြေး သီးသန့်ပေးဆောင်ရမည်ဟု ပြောဆိုခဲ့ကြောင်း သစ်စက်လုပ်သည့် မော်လူးဒေသခံတဦးထံမှ သိရသည်။
အင်းတော်မြို့တောင်ဘက် မဲဇာနှင့် ဝန်းသိုကြားရှိ တောတောင်များတွင်လည်း သစ်များ အဆမတန်ခိုးထုတ်ခံနေရမှုကြောင့် သစ်တောများ ပြုန်းတီးနေရကြောင်း သိရသည်။
“ကျနော်တို့ရဲ့ မဲဇာနဲ့ ဝန်းသိုကြားမှာရှိတဲ့ တောတောင်တွေမှာ သစ်တွေထုတ်နေကြတယ်။ အဓိကကတော့ ကျွန်း၊ ပျဉ်းကတိုး၊ တမလန်းတွေပေါ့။ အဲ့ဒါတွေကိုလည်း Export အနေနဲ့ တရုတ်ကို တင်ပို့တာပါပဲ။ အဲ့မှာလည်း အဲ့မှာရှိတဲ့ ပကဖတွေ အခွန်တွေကောက်နေကြတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့်နီးစပ်သည့် မဲဇာဒေသခံတဦးက ဆိုသည်။
အင်းတော်မြို့နယ်တွင် သစ်ခိုးထုတ်ခံရမှုများကြောင့် သစ်တောပြုန်းတီးနေရုံသာမက မြို့နယ်၏ ကားလမ်း ဘေးရှိ သစ်တောကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တော ဧရိယာများတွင် ဥပဒေမဲ့ သစ်တောများခုတ်ထွင်ကာ အိမ်ယာကွက်များ တိုးချဲ့ဦးယူခြင်း၊ ယာကွက်များထွင်ကာ အခင်းများစိုက်ပျိုးခြင်းများကြောင့် သစ်တောများ ပြုန်တီးနေရကြောင်း သိရသည်။
အင်းတော်-မော်လူးလမ်းပိုင်း တနေရာမှ နှိုင်းယှဉ်ဓါတ်ပုံများအရ ၂၀၂၀ ခုနှစ်တွင် အရွယ်အစားစုံသော ကျွန်းသစ်များကို တွေ့ရသော်လည်း ၂၀၂၃ ခုနှစ်တွင် သစ်ခိုးထုတ်ခံရမှုများ၊ ဥပဒေမဲ့နေရာချဲ့ထွင်ခြင်းများကြောင့် လမ်းဘေးတလျှောက် သစ်ပင်များ ပြောင်တလင်းခါသွားသည်ကို တွေ့ရသည်။
“အဲ့ဒီ အင်းတော်နဲ့ မော်လူးကြားက ပင်ဝယ်၊ ဖားပန်၊ တုံးလုံ အဲ့ဒီရွာကားလမ်းဘေးမှာရှိတဲ့ နေရာတွေက အရင်က သူတို့ပိုင်တဲ့ဟာမဟုတ်ဘူး။ အဲ့ဒါ သစ်တောကြိုးဝိုင်းဧရိယာတွေ။ အခုမှ သစ်ပင်တွေ ခုတ်လှဲပြီး အခင်းတွေထွင်၊ အိမ်ယာကွက်တွေရိုက်ပြီး မြေနေရာတွေ ဦးကုန်တာ။ ကျနော်ဆို သစ်ပင်တွေကို တန်ဖိုးထားတဲ့သူတယောက်ဆိုတော့ သစ်ပင်ခုတ်နေတာတွေ မြင်တော့ အရမ်းနှမြောတယ်။ ကိုယ်ကလည်း ဘာမှ မလုပ်နိုင်ဘူး။ အင်းတော်မြို့နယ်က တာဝန်ရှိလူကြီးတွေက သတိပေးတာတွေ ဘာတွေ မလုပ်ဘူး။ ၂၀၂၂ မေလလောက်ကတည်းက ဖြစ်မယ်။ ရွာလမ်းဘေးမှာရှိတဲ့ ပျဉ်းကတိုးပင်တွေနဲ့ ကျွန်းပင်တွေကို အကုန်ခုတ်လှဲပစ်တာ။ အဲ့အချိန်တုန်းကဆို နေ့နေ့ညည သစ်လွှစက်သံချည်းပဲ ကြားနေရတာ”ဟု ပင်ဝယ်ရွာ ဒေသခံလူငယ် တယောက်က ဆိုသည်။
အလားတူ ကသာခရိုင်တွင်ပါဝင်သော ထီးချိုင့်မြို့နယ်၊ မန်ကျည်းပင်နှင့် သစ်ပုံညို ကျေးရွာအနီး သစ်တော ကြိုးဝိုင်းများနှင့် ကသာမြို့နယ်ရှိ သစ်တောကြိုးဝိုင်းများမှ သစ်များ ခိုးထုတ်ခံနေရပြီး သစ်တောပြုန်းတီးနေကြောင်း ဒေသခံများနှင့် သတင်းမီဒီယာများထံမှ သိရသည်။
“အခုက တော်လှန်ရေးအသုံးချပြီး လုပ်စားနေကြတာတွေ များတယ်။ ပညာရေး၊ ကျန်းမာရေးကအစ ကိုယ်ထူကိုယ်ထ လုပ်ကြရတာ။ ကောက်ခံရရှိတဲ့ အခွန်ငွေတွေကိုလည်း ဘယ်နေရာမှာမှ အသုံးပြုတယ်လည်း မရှိ။ နောက်ပြီး သစ်တွေဆိုလည်း ဖမ်းတာတွေရော၊ အခွန်ကောက်တာတွေရော။ ပြီးတော့ အခွန်ကောက် ရင်လည်း ပြေစာတွေလည်း ထုတ်မပေးဘူး။ ပြေစာတွေ ထုတ်မပေးတော့ သူတို့အတွက် စားရတာ ပိုလွယ်ကူသွားတာပေ့ါ” ဟု အမည်မဖော်လိုသည့် တော်လှန်ရေး ရဲဘော်တဦးမှ ဆိုသည်။
သစ်ထုတ်လုပ်ခြင်းမှ ရရှိလာသော အခွန်အခစွပ်စွဲချက်များနှင့်ပတ်သက်ပြီး မြေပြင်တွင် ကွင်းဆင်းစစ်ဆေးရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကသာခရိုင်အတွင်းက ပအဖတာဝန်ခံတဦးက မီဒီယာများနှင့် ပြည်သူလူထုထံ ပြောကြားသော်လည်း ယခုအချိန်အထိ ဆောင်ရွက်မှုများ မရှိသေးပေး။
ကသာခရိုင်တွင် သစ်တောများစွာ နေ့စဉ်နဲ့အမျှ ပြုန်းတီးနေသော်လည်း ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ မရှိသည့်အပြင် ပြန်လည်ထိန်းသိမ်းစိုက်ပျိုးခြင်းများလည်း မရှိသေးပေ။
တော်လှန်ရေးအလွန် ပြန်လည်ထူထောင်ရေးကာလတွင် မီးရှို့ခံရသည့် ပြည်သူများအတွက် နေအိမ်အသစ်များ ပြန်လည်ဆောက်လုပ်ပေးနိုင်ရန် လက်ရှိသစ်ခိုးထုတ်မှုများကို တာဝန်ရှိသူတွေအနေနဲ့ အထိရောက်ဆုံး တားဆီးဆောင်ရွက်သင့်သည်။
သစ်တောများသည် လူသားတို့အတွက် အကျိုးကျေးဇူးများစွာ ပေးစွမ်းနေသလို သစ်ပင်တပင် ဖြစ်ထွန်းရန် နှစ်များစွာပေးရသောကြောင့် သစ်တောပြုန်းတီးမှုနှင့်ပတ်သက်ပြီး ပြည်သူတယောက်ချင်းစီတိုင်းတွင် တာဝန်ရှိသည့်အတွက် သစ်တောပြုန်းတီးမှုကို ပြည်သူတရပ်လုံးက ထိရောက်စွာကာကွယ်သင့်ပါသည်။
#မြေလတ်အသံ
#ဆောင်းပါး #သစ်တော #ပြုန်းတီးမှု #သစ်တောကြိုးဝိုင်း #သစ်ခိုးထုတ် #အခွန်ကောက် #ပကဖ #တော်လှန်ရေး #ထိန်းသိမ်း
Share Share Share