တော်လှန်ရေးဘန်နာ လာဖြုတ်တဲ့ စစ်ကောင်စီအဖွဲ့ မိုင်းထိလို့ ၅ ဦးသေဟုဆို

တော်လှန်ရေးဘန်နာ လာဖြုတ်တဲ့ စစ်ကောင်စီအဖွဲ့ မိုင်းထိလို့ ၅ ဦးသေဟုဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့အထွက် မြို့မုဒ်ဦးနေရာအနီးမှာ "မအေ**မင်းအောင်လှိုင်မလာရဲတဲ့ မြို့မှကြိုဆိုပါ၏" ဆိုတဲ့ တော်လှန်ရေးစာတန်း လာဖြုတ်တဲ့ စစ်ကောင်စီအဖွဲ့ မိုင်းထိလို့ ၅ ဦးသေဆုံးတယ်လို့ Buffalo soilders Freedom Force SBDF အဖွဲ့ထံက သိရပါတယ်။

ဩဂုတ် ၁ ရက် မနက် ၁၁ နာရီ ၄၅ မိနစ်ခန့်မှာ မြို့ထဲကနေ စစ်ကောင်စီတပ်နဲ့ရဲ အင်အား ၅၀ ခန့်ဟာ အိမ်စီးကားတွေနဲ့ထွက်လာပြီး စာတမ်းချိတ်ဆွဲထားတဲ့နေရာ မရောက်ခင်မှာ အဖွဲ့လိုက်ကင်းပုန်းချနေချိန် မိုင်း ၃ လုံးဆွဲတိုက်ခိုက်ခဲ့သလို စာတမ်းလာဖြုတ်ချိန်မှာ နောက်ထပ်မိုင်း ၅ လုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

"သူတို့အလေ့အကျင့်ကိုသိတော့ စာတန်းချိတ်ထားတဲ့နေရာမှာကော အနီးဝန်းကျင်တွေမှာကော မိုင်းတွေဆင်ထားခဲ့တာ။ သူတို့က ကင်းပုန်းချနေချိန် မိုင်းထိတာတောင် မမှုဘဲ စာတမ်းကို မရမကဖြုတ်တော့ နောက်ထပ်မိုင်းနဲ့ ဆွဲပေးလိုက်တယ်"လို့ Buffalo soilders Freedom Force SBDF အဖွဲ့တာဝန်ခံ ဗိုလ်ကျွဲကြီးက ပြောပါတယ်။

မိုင်းနဲ့ ၂ ကြိမ်တိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေများပေမယ့် ထိခိုက်သူ အရေအတွက်ကို အတိအကျ မသိရဘူးလို့ ပြောဆိုပြီး မြေလတ်အသံအနေနဲ့လည်း စစ်ကောင်စီတပ်သား သေဆုံးထိခိုက်ဒဏ်ရာရမှုကို သီးခြားအတည်မပြုနိုင်သေးပါဘူး။

မိုင်းဆွဲခံရလို့ စစ်ကောင်စီဘက်က လက်နက်ငယ်တွေနဲ့ ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်တာတွေလုပ်ခဲ့ပြီး သေဆုံးဒဏ်ရာရသူတွေကို ကောက်ယူကာ ရွှေဘိုမြို့ထဲ ပြန်သယ်သွားတယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ တောကျီးကန်းပြောက်ကျားတပ်ဖွဲ့၊ Buffalo soilders Freedom Force SBDF အဖွဲ့၊ ဒေါင်းမင်းပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

မေလ ၃ ရက်ကလည်း ရွှေဘိုမြို့နယ်၊ အုံးပေါက်ကျေးရွာသွားလမ်းမှာ ရွှေဘိုမြို့တက္ကသိုလ်ကျောင်းအတွင်း အခြေပြုတပ်စွဲထားတဲ့  စစ်ကောင်စီအင်အား ၄၅ ဦးခန့်ဟာ ကား ၂ စီးနဲ့ ထွက်လာချိန် မိုင်းဆွဲခံရလို့ ၃ ဦးသေဆုံးသွားသေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#​မြေလတ်အသံ

#သတင်း #စစ်ကိုင်း #ရွှေဘို #SBDF  #ဒေါင်းမင်းပြောက်ကျား #စစ်ကောင်စီ #လှုပ်ရှားမှု #ဘန်နာ #မိုင်းဆွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10