“တော်လှန်ရေးမှာ ကျကျန်ခဲ့တဲ့ ခြေထောက်တဖက်” (ရသစာတမ်း)

“တော်လှန်ရေးမှာ ကျကျန်ခဲ့တဲ့ ခြေထောက်တဖက်” (ရသစာတမ်း)

ရေးသားသူ - ငြိမ်းချမ်းဝေ

ကျနော် သူ့ကို စတွေ့ပြီး ခင်မင်ခွင့်ရတော့ မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက် ဘိလိယက်ခုံ တခုမှာ။ အရပ် ငါးပေ ငါးလက်မ ခပ်ပြတ်ပြတ်အရပ်မှာ အသားညိုညို မျက်ခုံးမျက်လုံးကောင်းကောင်း ဆံပင်အလယ်ခွဲနဲ့ မိန်းမချော ချောသူတယောက်။ သို့ပေမယ့် လက်ယဉ်တဲ့ လူမိုက်စာရင်းဝင် လူငယ်တဦး။ ကျူတံကို ခပ်ဆဆ ကိုင်ထားပုံက ဒုတ်(တုတ်) ကိုင်ကျွမ်းကျင်နေသူတယောက်ရဲ့ ဟန်ပန်အမူအရာ။ အဲ့ဒီအချိန်ကို ပြန်စဉ်းစားတော့ ၁၉၉၉-၂၀၀၀ ခုနှစ်ဝန်းကျင်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ စစ်အာဏာသိမ်းတော့ မထင်မှတ်ဘဲ ဆန္ဒပြပွဲတွေရဲ့ ရှေ့တန်းနေရာမှာ အံ့ဩကြီးစွာနဲ့ သူ့ကို ကျနော်တွေ့လိုက်ရသည်။ သူကျနော့်ကို ပြုံးပြနှုတ်ဆက်သွားသေးသည်။ နောက်တော့ မြို့ပြပြောက်ကျားတိုက်ပွဲတခုမှာ သူကျဆုံးခဲ့သည်။ မစ်ရှင်တခုဖော်ဆောင်ရင်း ပြန်အဆုတ်မှာ ပစ်ခတ်ခံရပြီးကျဆုံးခဲ့ရကြောင်း ကျနော်သိလိုက်ရသည်။ 

သူနေထိုင်ကြီးပြင်းခဲ့ရာ မြို့အစွန်ရပ်ကွက်နှင့် ရွာအကြားတောစပ်တနေရာ ပြောက်ကျားတိုက်ပွဲမှာ ကျသွားတာဖြစ်ကြောင်း ကျနော်သိရသည်။ အဲ့ဒီနေ့က သူနေသိပ်မကောင်းလို့ မစ်ရှင်ဖော်ဆောင်ရာကို မလိုက်ဖို့ တချို့ကတားမြစ်ကြသည်လို့ ကျနော် သတင်းစကားကြားရသည်။ သွားမည့်သူများအတွက် သူစိတ်မချနိုင်ခဲ့။ သူက ငယ်စဉ်ကတည်းက သူငယ်ချင်းအပေါင်းသင်း မင်သည်။ အနစ်နာခံသည်။ သူကသာ ခေါင်းခံလိုက်ချင်သည်။ သူကသာ ဖြေရှင်းလိုက်ချင်သည်။

သူကျဆုံးကြောင်းကြားတဲ့နေက သူ့အကြောင်းကို ကျနော် တနေကုန်ထိုင်စဉ်းစားနေမိသည်။ နွေဦးလှိုင်းလုံးထဲကို ဘယ်လိုကြောင့် သူပါဝင်ခဲ့သလဲ ကျနော်မသိ။ စဉ်းစားပုံဖော်ကြည့်လို့လည်းမရ။ သူစိတ်နဲ့ သူ့ဘဝဖြတ်သန်းပုံကိုတော့ လူငယ်ဘဝထဲက အတူအိပ်အတူစား အတူနေခဲ့ကြသည့် နှစ်များစွာမှာ သူ့အကြောင်းနှင့် သူ့စိတ်ဓါတ်ကို ကျနော် ကောင်းစွာသိခဲ့သည်။ သူနှင့် နိုင်ငံရေး ကြည့်ဆက်စပ်လို့မရပါ။ 

၂၀၀၀ ပြည်နှစ်တွေက လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုနှင့် လမ်းထိပ်အုတ်ခုံ၊ ပလက်ဖောင်း အုပ်စုဖွဲ့လေးတွေ ခေတ်ကောင်းနေတုန်းပင်။ ရော့ခ်ဂီတ အားကောင်းမောင်းသန် ခေတ်စားနေဆဲ။ ဟစ်ပ်ဟော့ဂီတကလည်း ထိုးဖောက်စ လူငယ်အုပ်စုတွေလည်း ပေါ်လာကာစ။ တချို့ မြို့ဆင်ခြေဖုံးရပ်ကွက် လက်ဖက်ရည်ဆိုင်လေးတွေမှာ ဘိလိယက်ခုံလေးတွေ တွဲထားတတ်သည်။ စမတ်ဖုန်းနှင့် အာတာနက်၊ နံရံကပ် တီဗီပေါ်မှာ ဘောလုံးပွဲတွေ သိပ်ခေတ်မစားသေး။ လက်ဖက်ရည်ဆိုင်မှာ တော်ကီပွား အငြင်းပွားကြသည့် ခေတ်သာ။

နိုင်ငံရေးစိတ်ဝင်စားသော လူငယ်ဆိုတာ အမတန်ရှားသည်။ နိုင်ငံရေးစကားတွေလည်း မပြောကြ။ စစ်အာဏာရှင် သန်းရွှေခေတ်နဲ့ ထောက်လှမ်းရေးခင်ညွန့် ခြယ်လှယ်နေသည့် ခေတ်တွေ။ ဝါဒဖြန့်ပညာရေးမှာ အသားတကျ ခေါက်ရိုးကျိုးနေကြတဲ့ လူငယ်တွေနဲ့ မိဘတွေ။ ငွေကြေးချမ်းသာသူနဲ့ ပညာတတ်အသိုင်းဝန်းက ပညာရေးဆိုတာကို ဆေးတ္ကသိုလ်နဲ့ စစ်တက္ကသိုလ် ဝင်ခွင့်ရရေးသာ ဦးစားပေးကြသည်။ ဒုတိယတန်းစားကတော့ အင်ဂျင်နီယာနဲ့ ရှေ့နေ။ ကျန်တာတွေကတော့ ဘာမှမဟုတ် ဘွဲ့ဓါတ်ပုံတခုသာသာ။ လူ့ပတ်ဝန်းကျင်တွင်လည်း ဆရာဝန်နဲ့ စစ်ဗိုလ်များသာလူရာဝင်ပြီး ကြွားဝါနေကြသည့်ခေတ်။ 

ထိုသို့သောခေတ်မျိုးထဲမှာ ကျနော်တို့ကြီးပြင်းခဲ့သည်။ အလျဉ်းသင့်လို့ ပြောချင်သည်က ၁၉၉၈-၉၉ ကာလမှာ ပညာရေးစနစ် စတင်ပြောင်းသည်။ ထိုနှစ်က ကျနော်တို့ ၉ တန်းနှစ်။ ဘာသာရပ်အလိုက် အတွဲတွေခွဲကြတော့ စိတ်ကြိုက်မြန်မာစာ အတွဲကို ယူတာက ကျနော်အပါအဝင် အထက်တန်းကျောင်းကြီး တကျောင်းလုံးမှာ ၅ ဦးသာရှိခဲ့သည်။ အထက်တန်းကျောင်းသား ၃၀၀ ကျော်ရှိခဲ့သည့် ကျောင်းကြီးဖြစ်သည်။ 

၅ ဦးထဲနှင့် အတွဲတတွဲ စာသင်ခန်းတခန်း၊ ဆရာ/ဆရာမ သီးသန့်မပေးနိုင်လို့ ဝိဇ္ဇာတွဲဖြစ်သည့် ပထဝီ၊ သမိုင်း၊ ဘောဂဗေဒကို ကျောင်းက ဆရာ/ဆရာမတွေက ပြောင်းယူခိုင်းခဲ့သည်။ ထိုသို့သောပညာရေးစနစ်ထဲတွင် ကျနော်တို့ ကြီးပြင်းခဲ့ရပါသည်။ ထိုစဉ်ကတည်းက ကျနော်က ကဗျာနဲ့ စာပေဘက်ကို ယိမ်းနေပြီး စာတိုပေစ ကဗျာတွေလည်း ရေးနေခဲ့ပြီ။ ဒါက ကျနော်တို့ ဖြတ်သန်းခဲ့ရသည့်အပိုင်းပင်။ 

ကျောင်းက သူငယ်ချင်းတွေထက် ပြင်ပလောက ရပ်ကွက်ထဲက သူငယ်ချင်းတွေနဲ့ ပိုလို့ပေါင်းဖြစ်ခဲ့သည်။ တခါတလေ အတန်းဖော်သူငယ်ချင်းတွေ နေထိုင်ရာ ရပ်ကွက်နဲ့အိမ်တွေကို လိုက်လည်သည်လည်း ရှိသည်။ ကျနော်က မြို့ဆင်ခြေဖုံးရပ်ကွက်၊ သူတို့က မြို့အစွန် ရွာအစပ်နယ်ခြားက ရပ်ကွက်လေးတခုမှာ။ 

တကယ်ကို လက်ရဲဇက်ရဲ ဆိုးသွမ်းလူမိုက်တွေ ပေါသည့်နေရာ။ ညမှောင်ရင် လူစိမ်းမဖြတ်နဲ့တော့။ လမ်းဘေး အုတ်ခုံမှာ ဂီတာတီးနေတာတွေ့ရင် လှည့်မကြည့်နဲ့။ ကြည့်မိလို့ကတော့ “ဘာကြည့်တာလဲ။ ဘာအထာလဲ။ မင်းက ဘာကောင်လဲ” ဆိုပြီး ထိုးကြကြိတ်ကြသည်။ 

အဲ့ဒီလိုရပ်ကွက် လက်ဖက်ရည်ဆိုင်မှာလည်း လူစိမ်းသွားမထိုင်မိစေနှင့်။ ထိုင်မိပါကလည်း အေးဆေးသောက်ပြန်။ ဘေးဝိုင်းကို ငဲ့စောင်းကြည့်တာ ဘေရှိုးရှိုးတာများ မလုပ်နဲ့။ ပိုနေတဲ့ရေနွေး၊ ကွမ်းတံထွေး ထွေးတာတွေက အစ သတိနဲ့ဘေးလူမထိခိုက်အောင် လုပ်ရသည်။ အဲ့လိုမဟုတ်လို့ကတော့ ထိုင်နေသည့် ခွေးခြေခုံပုနဲ့ ကိုင်ရိုက်တတ်ကြသည်။ ထိုစဉ်က လက်ဖက်ရည်ဆိုင်တွေက ခွေးခြေခုံပုလေးများနဲ့ မြေကြီးပေါ်ခြေချ စောင့်ကြောင့် ထိုင်တာများသည်။

ကျနော့်သူငယ်ချင်းလက်ဖက်ရည်ဆိုင်က ထိုမြို့အစွန်ရပ်ကွက်ထဲက လမ်းဆုံမှာဖွင့်ထားသည်။ အဲ့ဒီဆိုင်လေးမှာပဲ သူနှင့် စတင်သိကျွမ်းခွင့် ရခဲ့ခြင်းဖြစ်သည်။ သူအမည်ကို ကျနော်တို့က ဇေယျာကြီး လို့သာခေါ်သည်။ 

ဆိုခဲ့သလိုပင် အသားညိုစိမ့်စိမ့်မှာ မျက်လုံးမျက်ခုံးက မိန်းကလေးအရှုံးပေးရသည်။ အလယ်ခွဲဆံပင်ခေတ်စားပြီး ချက်ပြုတ်ပုဆိုး(ထိုစဉ်ကခေတ်စားခဲ့သော လူငယ်တွေပုဆိုးစည်းနည်း) ခြေသလုံးအလည်နဲ့ ရှပ်အင်္ကျီလက်တိုကို လက်မောင်းနှစ်ဖက်လိပ်တင် ထားတတ်သည်။ ထိုစတိုင်က အဲ့ဒီချိန်ရဲ့ ခပ်ဂေါ်ဂေါ်လူငယ်တွေ ဒီဇိုင်းပင်။ 

ဇေယျာကြီးအပါအဝင် ကျနော့်အတန်းဖော်သူငယ်ချင်းတစုက ရပ်ကွက်ရဲ့ တက်လူငယ်အုပ်စု။ ထစ်ခနဲဆို ရိုက်ပြီးသား။ ဇေယျာကြီးက ထိုအထဲက လက်မြန်ခြေမြန် လက်ရဲဇက်ရဲ။ သူ့ကြည်လိုက်ရင်တော့ ပြုံးစိစိ။ တချို့အုပ်စုလိုက် ရန်ပွဲတွေက ဓါးထိုးမှုလိုမျိုးအထိ ဖြစ်ခဲ့ကြသည်။ တဖက်အဖွဲ့က ရပ်ကွက်လူမိုက်အကြီးစားလိုမျိုး ဂိုဏ်းစတားတွေကိုပင် ခေါ်လာပြီးရှင်းယူကြရသည်။ 

သူငယ်ချင်းတယောက်ယောက်ကများ တခြားအဖွဲ့နဲ့ဖြစ်လာပါက အုပ်စုလိုက် လိုက်ပြီးဆော်ကြ ခတ်ကြသည်။ ရည်းစားလုဖော်လုဖက်တွေ ဖြစ်လာရင်လည်း အုပ်စုလိုက် ချိန်းထိုးကြတာမျိုး ရှိသည်။ အဲ့လိုပွဲမျိုးဆိုရင်တော့ ဇေယျာကြီးတို့က လက်မရှောင်ပါ။ ပုဆိုးခပ်တိုတိုစည်းပြီး ကွမ်းလေးမြုံ့ပြီး လိုက်လာတတ်သည်။ သူကိစ္စမဟုတ်လည်း သူငယ်ချင်းဆိုတဲ့ သံယောဇဉ်နဲ့ သူလိုက်ရှင်းတတ်သည်။ တခြားသူများကိုလည်း တမင်တကာ ဗိုလ်ကျစိုးမိုး ရန်ရှာတာမျိုးတော့ သူမလုပ်ပါ။ ကျနော်က ကျောင်းမှာထက် သူတို့နဲ့နေရတာကို ပိုပျော်သည်။ ညအိပ်ချိန်တွေလည်း သူတို့နဲ့ရှိနေတတ်သည်။ 

အခါကြီးရက်ကြီးတွေနဲ့ ပွဲလမ်းသဘင်လိုမျိုးမှာ ကျနော်တို့ အုပ်စုလိုက်သွားတတ် ကြသည်။ ကဆုန်ညောင်ရေသွန်းပွဲ၊ တန်ဆောင်တိုင်ဘုရားပွဲ၊ သီတင်းကျွတ်လို မျိုးတွေမှာ အုပ်စုလိုက်သွား တတ်ကြသည်။ ရန်ပွဲတွေမှာ ကိုယ်ပိုင် စက်ဘီးတွေ ထုချေခံရတာ ဖျက်ဆီးခံရတာနဲ့ ကျန်ခဲ့တာမျိုးလည်း ရှိတတ်ကြသည်။ ထိုအခါမျိုးမှာတော့ ကိုယ့်အိမ်နဲ့ကိုယ်ရှင်းပေတော့။ ပျက်စီးကျန်ခဲ့သည့် စက်ဘီးနှင့် တချို့ပစ္စည်းများအတွက် အိမ်က မိဘများကို ဖြေရှင်းကြရသည်။ မိဘတွေကလည်း ဆူပူပြီး နှစ်ရက်သုံးရက်တော့ အိမ်မှာပဲ ငြိမ်ကုပ်နေကြရပြန်သည်။ 

သင်္ကြန်ပွဲမျိုးမှာလည်း အမှတ်တရများစွာက ဟိုင်းလပ် နီဆန်း လေးချိတ် ငါးချိတ် အမိုးပွင့်လိုင်းကားလေးများကို သူငယ်ချင်းများ စုပြီးငှားရသည်။ စာမေးပွဲပြီးလို့ နွေရာသီကျောင်းပိတ်ချိန် ကတည်းက ပိုက်ဆံစုရသည်။ ဓါတ်ဆီစုရသည်။ ကားကိုကြိုပြီး ချိတ်ဆက်ငှားရမ်းပြီး စရံငွေကြိုပေး ထားကြရသည်။ တတ်နိုင်သူက တတ်နိုင်သလို မတတ်နိုင်သူကလည်း တရက်တန်သည် နှစ်ရက်တန်သည် လိုက်ခွင့်ရကြသည်။ ထိုသင်္ကြန်ပွဲများကတော့ စိတ်ကြိုက်သောက်စားပြီး ရန်ဖြစ်ကြသည့် အခါမျိုးပါပဲ။ အဲ့လိုပွဲမျိုးတွေမှာလည်း ဇေယျာကြီးက တက်တက်ကြွကြွ လက်မြန်ခြေမြန်။

လူငယ်ဘဝလမ်းမများက ခပ်တိုတိုပဲ အဆုံးသတ်ခဲ့ကြရသည်။ ကျနော်တို့ တနေရာဆီသွားခဲ့ကြသည်။ ကျနော်က စောစီးစွာအိမ်ထောင်ကျ မိသားစုအရေးနှင့် စာပေ၊ ကဗျာဘက်ကို လိုက်ခဲ့သည်။ ရန်ကုန် စာပေလောကကနေ သတင်းမီဒီယာလောကကို ကူးပြောင်းခဲ့သည်။ မြို့ကိုပြန် အခြေချချိန်မှာတော့ တချို့သော အရာများစွာ  ပြောင်းလဲခဲ့ပါသည်။

မြို့အစွန်က သူငယ်ချင်းလက်ဖက်ရည်ဆိုင်လေး နေရာမှာ ကားဂိတ်တခုဖြစ်နေပြီ။ မြို့အစွန်ရပ်ကွက်ကနေ မြို့ရဲ့ အရေးပါသည့်အစိတ်အပိုင်း ရပ်ကွက်ကြီးလို လူတွေအတော် စည်ကားနေသည်။ ခေတ်နှင့် နိုင်ငံရေးအခြေအနေတွေက ပြောင်းခဲ့သည်။ စမတ်ဖုန်းတွေ တွင်တွင်ကျယ်ကျယ်သုံးကြပြီ။ လက်ဖက်ရည်ဆိုင်တွေမှာ အင်တာနက်ဝိုင်ဖိုင်နှင့် နံရံကပ်တီဗီတွေမှာ ဘောလုံးပွဲတွေ အမြဲမပြတ်ပြနေပြီ။

၂၀၁၀ ရွေးကောက်ပွဲကို ဟန်ပြလုပ်ပြီး စစ်ခေါင်းဆောင်တဦးဖြစ်သည့် ဦးသိန်းစိန်ကို သမ္မတရာထူး ပေးလိုက်ကြသည်။ လူတွေနိုင်ငံရေးကို ပြောကြပြီ။ နိုင်ငံအရွေ့ကို စိတ်ဝင်စားကြပြီ။ သတင်းစာနဲ့ဂျာနယ်တွေ လွတ်လပ်မှု အနည်းငယ်အောက်မှာ အများအပြား ထွက်လာကြသည်။ လူတွေ နေ့စဉ်သတင်းတွေ ဖတ်ကြသည်။ နောက်တော့ ကြားဖြတ်ရွေးကောက်ပွဲ ထိုမှတဆင့် ၂၀၁၅ ရွေးကောက်ပွဲကြီး အတွက် အပြိုင်အဆိုင် မဲဆွယ်ခဲ့ကြတော့သည်။ ကျနော်သိခဲ့သော မြို့အစွန်ရပ်ကွက်လေးသို့လည်း နိုင်ငံရေးမဲဆွယ်ပွဲများနှင့် ပါတီကိုယ်စားလှယ်လောင်းများ ရောက်ခဲ့ကြပါသည်။

သူ့အကြောင်းကို ကျနော်စုံစမ်းပါသည်။ သူ ကျောင်းစာတွေနဲ့ ဝေးရာ ပြင်ပကမ္ဘာတွေမှာ လှည့်လည်ကျင်လည်နေကြောင်း သိရသည်။ တခြား မြို့တွေကိုလည်း ရွှေ့ပြောင်းသွားလာ အလုပ်လုပ်နေကြောင်း ကြား သိရသည်။ သူသိပ်အဆင်မပြေတာကိုလည်း ကြားသိရသည်။ တခါတလေလည်း သူ့ကို မြို့ရဲ့လိုင်းကားပေါ်မှာ စပါယ်ယာအဖြစ် တွေ့ရတတ်သည်။ ကွမ်းတံတွေးလေး ထွေးကာထွေးကာဖြင့်ပင်။ ပြုံးပြသည်။ ကျနော်တို့ ခဏတဖြုတ် စကားပြောဖြစ်သည်။ ကျင်လည်ရာ ပတ်ဝန်းကျင်မတူကြတော့ သိပ်မတွေ့ဖြစ်ကြ။ 

၂၀၂၁ စစ်အာဏာသိမ်းတော့လည်း သူ့ ပါဝင်နေမှုကို ကျနော် သာမန်ကာလျှံကာသာ တွေးထင်သည် အထိ သူ့အပေါ် ကျနော် လွဲမှားစွာ အထင်သေးမိပါသည်။ လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် ဆန့်ကျင်တော်လှန်ကြသည့် နွေဦးတော်လှန်ရေးမှာ ရပ်ကွက်သားတယောက်အနေနဲ့ ရိုးရိုးသာပါဝင်ခဲ့သည် ထင်ခဲ့သည်။ နောက်မှသာ တကယ်ကိုတော်လှန်ရေးကို လူရောစိတ်ကောနှစ်မြှုပ်လုပ်ခဲ့သည် ဆိုတာ သိလိုက်ရသည်။

မတရားမှုတခုကို လက်ပိုက်ခေါင်းငုံကြည့်မနေတတ်သည့် လူငယ်တဦးဘဝကစိတ်ခံစားမှုမျိုး တဖန် နိုးထခဲ့ဟန် တူပါသည်။ လက် လက်ချင်း၊ ဒုတ်(တုတ်) ဒုတ်ချင်း သူတပြန်ကိုယ်တပြန် ဆော်ခဲ့ကြသည့် အချိန်ကနေ အခုလို ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်လို့ မရသည့်အဆုံး လက်နက်ကိုင်တော်လှန်ဖို့ သူရွေးချယ်ခဲ့ပုံ ရပါသည်။

စစ်အာဏာရှင်တော်လှန်ရေးမှာ နိုင်ငံရေး၊ ပါတီရေး၊ အာဏာခွဲဝေရေး ဘာအရေးညာအရေး သေချာမသိဘဲ မတရားမှုတခု ခေါင်းငုံခံသင့်ဘူး ဆိုသည့် စိတ်တခုထဲဖြင့် ပါဝင်ခဲ့သူများပါသည်။ ထိုအထဲတွင် သူ့လိုမျိုး လမ်းဘေး ပလက်ဖောင်းမင်းသား၊ မိဘတွေအတွက် မလိမ္မာသောသားဆိုးများစွာ ပါဝင်ခဲ့ကြပါသည်။ မိဘတွေအတွက် သားဆိုးများ၊ ရပ်ကွက်အတွက် လူဆိုးများသည် ဆိုးခဲ့မိုက်ခဲ့ကြပါမည်။ ဒါပေသည့် တချို့သော သူများက မယုတ်မာခဲ့ကြပါ၊ မရက်စက်ခဲ့ကြပါ။ မကောက်ကျစ်ခဲ့ကြပါ။ လူဆိုးများ သားဆိုးများထဲက တချို့လည်း အသက်ပါပေးခဲ့ကြသည်။ တချို့လည်း တောထဲတောင်ထဲ လက်နက်ကိုင်တော်လှန်ရေးကို ပါဝင်ဆင်နွဲ နေကြသည်။ 

သူတို့စိတ်ကရှင်းပါသည်။ အာဏာရရေးမဟုတ်၊ နေရာရရေးမဟုတ်၊ အခွင့်အရေးယူရေးမဟုတ်။ စစ်အာဏာသိမ်းမှုရဲ့ မတရားမှုတခုကိုသာ တွန်းလှန်နေကြခြင်းဖြစ်သည်။ တချို့သော တော်လှန်ရေးသမား များ၏ စိတ်ဓါတ်များက ရှင်းကြသည်။ သူတို့ အသက်ခန္ဓာ ချို့ယွင်းဆုံးရှုံးသွားတာကို မထီသလိုစိတ်ထားနှင့် ပုံဖော်ကြပြန်ပါသည်။ 

“ အမေ့ကို 'ခဏ' လို့ပဲ ပြောပြီးထွက်လာတာ အရေးထဲခြေတဖက်ကလည်း ပြန်ပါမလာပြန်ဘူး။ အမေ့တော့ဒီသားကို ဆူဦးမယ်နဲ့တူတယ်” ဆိုသည့်စာသားပင်။ ထိုစာသားကို လက်နက်ကိုင်တော်လှန်ရေးသမားတဦးက လူမှုကွန်ရက်မှာ ရေးသားထားတာကို ကျနော် ဖတ်လိုက်ရသည်။

သူတို့ဆုံးရှုံးသွားတာ လူငယ်ဘဝက စက်ဘီးတစီး၊ အဝတ်အစားတစုံ၊ ဖိနပ်တရံမဟုတ်ပါ။ ပြန်လည်အစားထိုးမရနိုင်သည့် အသက်ခန္ဓာ၊ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများပဲဖြစ်ပါသည်။ ထိုအရာများကို သူတို့စိတ်မပူပါ။ မနှမြောပါ။ သို့သော် သူတို့ အိမ်ပြန်ကြရသည့်အခါ သူတို့အမေကို ပြန်ပြောပြချိန် အဆူခံရမယ့်အရေးကိုသာ သူတို့ စိတ်ပူခဲ့ကြပါသည်။

တချို့သော သားဆိုးများစွာ လူဆိုးများစွာနှင့် အခြားသော နယ်ပယ်အသီးသီးက မတူကွဲပြားသည့် လူငယ်များစွာဟာ နွေဦးတော်လှန်ရေးအတွက် သူတို့ မိဘ၊ မိသားစုအသိုင်းအဝန်းများကို စွန့်ခွါခဲ့ကြရပါသည်။ 

“ခဏ” လို့ပဲ ပြောကာ ထွက်လာခဲ့ကြသည့်သူများ အပြီးတိုင် ပြန်မလာခဲ့ကြတော့ပါ။ တချို့လည်း ပြန်လာရမည်ဆိုတာ မသေချာနိုင်ပါ။

 

"လူငယ်တွေရဲ့လမ်း"

ဘိလိယက်ခုံမှာ

ကျူတံကိုဆုပ်ကိုင်ထားတဲ့ လူငယ်တယောက်ဟာ

လမ်းပေါ်ကို ကွမ်းတံထွေးဗျစ်ခနဲ ထွေးထုတ်ဖူးတယ်။

အဲ့လူငယ်ပါပဲ

မတရားမှုတော်လှန်ရေးရဲ့ မြို့ပြပြောက်ကျားတိုက်ပွဲမှာ 

သူ့သွေးတွေကို ဗျစ်ခနဲ ထွေးထုတ်သွားခဲ့တယ်။

အာဏာရှင်ကိုတော့ဒူးထောက်မသွားဘူး။   ။

 

ကျနော် ဇေယျာကြီးအတွက် ကဗျာတပုဒ်ရေးလိုက်ပါသည်။ သူ့လို ခဏလေး များစွာအတွက်လည်း ဖြစ်နိုင်ပါသည်။

 

မူရင်းဓါတ်ပုံ - လွိုင်ကော် PDF

#မြေလတ်အသံ #ရသစာတမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10