တော်လှန်ရေးရဲဘော်တွေပြောပြတဲ့ ဒီပဲယင်းမြို့ပေါ်တိုက်ပွဲ (သတင်းဆောင်းပါး)

တော်လှန်ရေးရဲဘော်တွေပြောပြတဲ့ ဒီပဲယင်းမြို့ပေါ်တိုက်ပွဲ (သတင်းဆောင်းပါး)

အနောက်မြောက်တိုင်းစစ်ဌာနချုပ်နဲ့ မိုင် ၃၀ ကျော်ဝေးပြီး စစ်ကိုင်းတိုင်း မုံရွာ - ရေဦး ကားလမ်းမထက်က စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ဒီပဲယင်းမြို့ကို ဩဂုတ်လ ၁၅ ရက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက စတင်တိုက်ခဲ့ကြပါတယ်။ 

ဒီပဲယင်းမြို့မှာ ရပ်ကွက် ၇ ခုရှိပြီး စစ်ကောင်စီတပ်က ရဲစခန်း၊ ထွေအုပ်ရုံး၊ ဝန်ထမ်းအိမ်ရာ၊ ရွှေဇာလီဘုရား၊ စာရင်းစစ်ရုံး၊ ဇွဲစားသောက်ဆိုင်နဲ့ အထက်တန်းကျောင်း စတဲ့နေရာ ၇ ခုမှာ တပ်စွဲပြီး မြို့ကို ထိန်းချုပ်ထားပါတယ်။ 

ဒီပဲယင်းမြို့နယ်က ကျေးရွာ ၅၆ ရွာမှာ တော်လှန်ရေးတပ်ဖွဲ့တွေက အရင်ကတည်းက လှုပ်ရှားနေခဲ့ပြီး မြို့ထဲမှာတော့ ဒီမတိုင်ခင်က စစ်ကောင်စီဂိတ်စခန်းတခုဆီကိုသာ ဝင်တိုက်ခဲ့ဖူးတယ်လို့ ဒီပဲယင်းညီနောင်က ပြောပါတယ်။   

ဩဂုတ် ၁၅ ရက် မနက်ပိုင်းမှာ PDF နဲ့ LPDF တို့ ပူးပေါင်းပြီး ဒီပဲယင်းမြို့ရဲ့နေရာစုံကနေ ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီအင်အား ၈၀ ဝန်းကျင်ဟာ မြို့ထဲက ရဲစခန်း၊ ရွှေစာလီဘုရားကုန်းနဲ့ ဇွဲစားသောက်ဆိုင်တို့မှာစုပြီး ပြန်လည်ခုခံခဲ့ကြတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။  

တော်လှန်ရေးတပ်ဖွဲ့တွေဟာ လေကြောင်းရန်တွေကြားကပဲ စစ်ကောင်စီတပ်စွဲထားရာ နေရာတွေကို ၃ ရက်ကြာ တိုက်ပြီး ဒီပဲယင်းမြို့ကို သိမ်းယူနိုင်ခဲ့ကြတယ်လို့ 96 Soldiers - PDF စစ်ရေးတာဝန်ခံ ရဲဘော်မန်းလေးက ဆိုပါတယ်။ 

စစ်ကောင်စီတပ်က နေရာအသာစီးယူထားပြီး ဘန်ကာတွေ အခိုင်အမာဆောက်ထားတဲ့ မြို့မြောက်ဘက်အပိုင်းက ရဲစခန်းကိုတော့ ၂ ရက်ကြာအောင် ခက်ခက်ခဲခဲတိုက်ခိုက် သိမ်းယူခဲ့ရတာလို့ တိုက်ပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ရဲဘော်မန်းလေးက ပြောပါတယ်။ 

ဒီပဲယင်းမြို့မရဲစခန်းမှာ ဘန်ကာ အနည်းဆုံး ၈ လုံး ရှိပြီး ဘန်ကာတွေဟာ သစ်သားပြား ၂ ပြားကို ဘယ်ညာခံ၊ အလယ်မှာ သဲနဲ့ ကျောက်ထည့်ထားတဲ့ အလွှာတထပ်၊ ဆီပေပါထဲကို ကျောက်ခဲနဲ့ သဲထည့်ပြီး ကာထားတဲ့ နောက်ထပ် အလွှာတခု၊ သစ်တုံးတွေ အထပ်လိုက်စီထားတဲ့ အလွှာတခု စသဖြင့် အလွှာ ၃ ခု အထပ်ထပ်ဆင့်ထားတာကြောင့် လက်နက်ကြီးကျည်တွေ တည့်တည့်မှန်ပေမယ့်လည်း ဘန်ကာတွေ ပျက်စီးမသွားဘူးလို့ သူက ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေက ရဲစခန်းအနားက အမြင့်ဆုံးအဆောက်အဦဖြစ်တဲ့ ၃ ထပ်တိုက်ကို နေရာယူဖို့ရောက်တဲ့အချိန်မှာတော့ အပေါ်ဆုံးထပ်ရဲ့ သစ်သားလှေကားကို စစ်ကောင်စီတပ်က ရိုက်ချိုးထားတာကြောင့် တော်လှန်ရေးတပ်တွေက တိုက်ပွဲကြားမှာပဲ လှေကား ပြန်ဆောက်ပြီး ပစ်ကွင်းအသာစီးရအောင် ကြိုးစားခဲ့ရတယ်လို့ ရဲစခန်းသိမ်းတိုက်ပွဲအတွေ့အကြုံကို သူက ပြောပါတယ်။ 

“ ၂ ထပ်က အင်္ဂတေ လှေကားနဲ့၊ စစ်**တွေက ၃ ထပ်ကို တက်မယ့် သစ်သားလှေကားကို ရိုက်ချိုးသွားတယ်။ တိုက်ပွဲဖြစ်တော့ သူတို့က ကျနော်တို့ကို ကျည်မိုးနေတယ်၊ အဲ့ဒါနဲ့ ရဲဘော်တွေကို တူနဲ့သံရှာခိုင်းပြီး လှေကားပြန်ရိုက်၊ အပေါ်ထပ်ကနေ တက်ပစ်မှ ကျနော်တို့ဘက်က ကျည်ပြန်မိုးနိုင်တယ်။” 

သံရိုက်ပြီး လှေကားဆောက်နေတဲ့အသံတွေကြားလို့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က ခုခံပစ်ပေးထားရင်း လှေကားပြီးအောင် ဆောက်ခဲ့ရတာလို့ သူက ပြောပါတယ်။ 

လှေကားဆောက်ပြီးလို့ အပေါ်ဆုံးထပ်ကို နေရာယူနိုင်လိုက်ချိန်မှာတော့ တိုက်ပွဲက အလှည့်အပြောင်းဖြစ်သွားခဲ့တယ်လို့ ရဲစခန်းသိမ်းတိုက်ပွဲ အတွေ့အကြုံကို 96 Soldiers - PDF စစ်ရေးတာဝန်ခံ ရဲဘော်မန်းလေးက ရှင်းပြပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ၃ ထပ်တိုက်ကို နေရာမယူနိုင်သေးခင် ရဲစခန်းဆီကို ဘယ်၊ ညာ၊ အလယ်ခွဲပြီး တိုးနေကြပေမယ့် ရှေ့ဆက်တက်မရ ဖြစ်နေခဲ့တာပါ။ 

ခဏအကြာမှာ အလယ်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ရဲစခန်းနဲ့ ၁၅ မီတာ (ပေ ၅၀) အကွာလောက် က ၂ ထပ် တိုက်အိမ်တခုဆီကို ချည်းကပ်ဝင်ရောက်သွားခဲ့ကြပါတယ်။  

စစ်ကောင်စီတပ်ဘက်က အဲဒီတိုက်အိမ်ဆီရောက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဝိုင်းပိတ်ဖို့  တဖြည်းဖြည်း ရှေ့တိုးလာနေတာကို ၃ ထပ်တိုက်ပေါ်မှာ နေရာယူထားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကမြင်ပြီး အချိန်မီသတိပေးလိုက်နိုင်တာကြောင့် အထိခိုက်အကျဆုံး များနိုင်တဲ့အနေထားကနေ လွတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“စစ်**တွေက ဝိုင်းမယ့်ပုံစံနဲ့ ရှေ့တက်လာပြီး ရဲဘော်တွေကို အလင်းဝင်ပါ အော်တာတွေရှိတယ်။ အဲ့ဒီအိမ်ကို ကျည်တွေမိုးပစ်ပြီး စစ်**တွေကတိုးလာတာကို ကျနော်တို့က မြင်ရတာ။ အဲဒီတော့မှ လှမ်းသတိပေးချိန် ရဲဘော်တွေက ပြန်ဆင်းပစ်တော့မှ စစ်**တွေက ဆုတ်ပြေးတာ။” လို့ ရဲစခန်းသိမ်းတိုက်ပွဲမှာ တွေ့ကြုံခဲ့ရတဲ့အခြေအနေတခုကို ရဲဘော်မန်းလေးက ပြောပါတယ်။

ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ဖို့ကြိုးစားနေစဥ်မှာပဲ ရဲစခန်းရဲ့ အနောက်ဘက် ရွှေစာလီဘုရားကုန်းနဲ့  ဇွဲစားသောက်ဆိုင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကိုလည်း တော်လှန်ရေးတပ်တွေက တပြိုင်နက်တည်း ထိုးစစ်ဆင်နေခဲ့ကြပါတယ်။

စစ်ကောင်စီကလည်း ဒီပဲယင်းမြို့မကျရေး လေကြောင်းနဲ့ ဆက်တိုက် တိုက်ခိုက်ခဲ့ပါတယ်။ သြဂုတ် ၁၆ ရက်မှာ မြို့ပေါ်ရပ်ကွက် ၃ ခုကို ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံး၊ သြဂုတ် ၁၇ ရက်မှာ ပေါင် ၅၀၀ ဗုံး ၃ လုံး၊ Y-12 ထောက်ပို့ယာဥ်နဲ့  ဗုံးသီး ၆၂ လုံး၊ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ၆ ကြိမ် ပစ်ကူပေးခဲ့တာပါ။ 

စစ်ကောင်စီရဲ့ အပြင်းအထန်ခုခံတိုက်ခိုက်မှုတွေကြားကနေပဲ ဩဂုတ် ၁၇ ရက်မှာ စစ်ကောင်စီ တပ်စွဲထားခဲ့တဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ အထက်တန်းကျောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်သိမ်းနိုင်ခဲ့ပါတယ်။ 

ရဲစခန်းကိုတော့  ဩဂုတ် ၁၇ ရက် ညသန်းခေါင်လောက်မှ ခြံစည်းရိုးဖျက်ဝင်၊ ဘန်ကာတွေကို မီးရှို့နိုင်ခဲ့ပြီး နောက်နေ့မနက် ၁ နာရီကျော်မှာ အလုံးစုံစီးနင်းနိုင်ခဲ့ကာ ဒီပဲယင်းတမြို့လုံးကို မနက် ၆ နာရီမှာ သိမ်းယူနိုင်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ 

ဒီပဲယင်းမြို့ကို သိမ်းပိုက်ပြီးတဲ့နောက်မှာ နိုင်ငံရေးအမှုနဲ့ဖမ်းခံရသူ ၁၇ ဦးအပါအဝင် အချုပ်သား ၂၀ ဦးကို တော်လှန်ရေးတပ်ဖွဲ့တွေက ကယ်နိုင်ခဲ့ပါတယ်။ 

“အကျဉ်းသားတွေကို ကယ်ထုတ်ပြီး ဒဏ်ရာရတာရှိလားမေးတော့ တယောက်မှ မရဘူး။ တိုက်ပွဲ စဖြစ်တဲ့ အချိန်ကတည်းက ထမင်းမစားရတော့တာ ၃၊ ၄ ရက် ရှိပြီပြောတယ်။ အကိုတို့ လာကယ်မယ့်အချိန်ကို စောင့်နေတာကြာပြီဆိုတဲ့ စကားသံတွေ ကြားရတယ်။” လို့ ရှေ့တန်းစစ်‌ဆင်ရေး တပ်မှူးတဦးက ပြောပါတယ်။

ဆန္ဒပြစဥ် ဖမ်းဆီးခံရသူ၊ ရွာတွေကို စစ်ကြောင်းဝင်ပြီးနောက် ဖမ်းဆီးခံရသူ စတဲ့နိုင်ငံရေးအမှုနဲ့ ဖမ်းခံထားရသူ ၁၇ ဦးနဲ့ သစ်ကိစ္စကြောင့်ဖမ်းဆီးထားသူ ၁ ဦး၊ အဖိုးအဖွား ၂ ဦး စုစုပေါင်း ၂၀ ဦးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။

“ကျနော်တို့က ဘန်ကာနဲ့ ခြံစည်းရိုးကိုဖောက်ပြီး (ရဲစခန်း)ဝင်လုံးတဲ့ချိန် အော်သံတွေ စကြားရတယ်။ သူတို့အကျဉ်းသားတွေပါ သူတို့ ရှိပါသေးတယ် အော်လာမှ ရှိမှန်းသိတာ။ ရဲစခန်းကို ဆက်ရှင်းတဲ့ချိန်တော့ သတိထားရတာပေါ့။” လို့ 96 Soldiers - PDF စစ်ရေးတာဝန်ခံ ရဲဘော်မန်းလေးက ပြောပါတယ်။

တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော် ၄ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီဘက်က ၁၈ ဦး သေဆုံးကာ သေနတ် ၂၂ လက် သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပျူစောထီး၊ Non CDM ဝန်ထမ်းနဲ့ မိသားစုဝင် ၁၀၀ ကျော် အလံဖြူထောင်ခဲ့ကြပြီး အရပ်သားအမျိုးသမီး ၂ ဦး လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တယ်လို့ ဒီပဲယင်းညီနောင်က ဆိုပါတယ်။

တိုက်ပွဲဖြစ်တဲ့ ၃ ရက်လုံး မိုးရွာနေတာကြောင့် လေကြောင်းတိုက်ခိုက်ခံရမှုကနေ အနည်းငယ်သက်သာခဲ့ပြီး တခြားမြို့နယ်တွေမှာလည်း စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေ တပြိုင်တည်းဆင်နွှဲနေတာကြောင့် အထိအခိုက်နည်းခဲ့ရတာလို့ တော်လှန်ရေးရဲဘော်တွေက သုံးသပ်ပါတယ်။ 

ဒါ့အပြင် ဒီပဲယင်းမြို့မြောက်ဘက် ရေဦးမြို့နယ်ဘက်ကလာတဲ့ စစ်ကောင်စီရဲ့ စစ်ကူစစ်ကြောင်းတွေကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ပိုင်ပိုင်နိုင်နိုင် ဖြတ်တောက်နိုင်ခဲ့တာကြောင့် စစ်ကောင်စီအင်အား မကောင်းနိုင်ဖြစ်သွားတယ်လို့ သူတို့က ပြောပါတယ်။  

ဒီပဲယင်းမြို့ကို သိမ်းပိုက်ပြီး နာရီပိုင်းအကြာမှာ စစ်ကောင်စီတပ်က လေကြောင်းသုံးပြီး ပြန်သိမ်းယူနိုင်ခဲ့ပေမယ့် မြို့ပေါ်က စစ်တပ်အထိုင်စခန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖျက်စီးပစ်နိုင်ခဲ့ပြီး စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ရပ်တန့်သွားအောင် လုပ်နိုင်ခဲ့တယ်လို့ ဒီပဲယင်းညီနောင်က ဆိုပါတယ်။

ဒီပဲယင်းမြို့ကို သြဂုတ် ၁၈ ရက် မနက်အစောပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပေမယ့် အဲဒီနေ့ မွန်းလွဲ ၂ နာရီနောက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်တာ၊ မန္တလေးနန်းတွင်းမှာရှိတဲ့ ခမရ ၇၀၄ စစ်ကြောင်းက စစ်ကူ ၁၀၀ ဝန်းကျင်ကို လေကြောင်းအကူနဲ့ မြို့ထဲကို ပြန်ပို့ထားခဲ့တာကြောင့် ဒေသခံကာကွယ်ရေးတပ်တွေ ပြန်လည် ဆုတ်ခွာလာခဲ့ကြပါတယ်။ 

“မြို့သိမ်းတိုက်ပွဲကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတာ ဖြစ်လာတယ်။ ထွက်ပြေးတာတွေဖြစ်လာတယ်။ အထူးသဖြင့် Non CDM တွေနဲ့ စစ်ကောင်စီကို ထောက်ခံတဲ့ ပျူ၊ ဒလန် အများအပြားဖမ်းဆီးရမိတယ်။ ပြောရရင်တော့ စစ်ကောင်စီဒေါက်တိုင်အပါအဝင် အုပ်ချုပ်ရေး ယန္တရား အားလုံး ပြိုလဲသွားတယ်” လို့ သူက ပြောပါတယ်။ 

လက်တလောမှာတော့ စစ်ကောင်စီဟာ အုပ်ချုပ်ရေးယန္တရားပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။ 

၃ ရက်ကြာတိုက်ပြီး စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ရပ်တန့်သွားစေခဲ့တဲ့ ဒီပဲယင်းမြို့ သိမ်းတိုက်ပွဲဟာ ခရိုင်ကွပ်ကဲမှုအောက်က တပ်ရင်းတွေ၊ MOD ကွပ်ကဲမှုအောက်က တပ်ရင်းတွေ၊ ဒီပဲယင်းနဲ့ ရေဦးက ပကဖ အဖွဲ့အစည်းတွေ၊ Local PDF တပ်ဖွဲ့တွေ စုပေါင်းပြီး မြို့သိမ်းတိုက်ပွဲကို တက်ညီလက်ညီ ဖော်ဆောင်ခဲ့ကြတာပါ။ 

ဓါတ်ပုံ - U Pyay

#မြေလတ်အသံ

#ဆောင်းပါး #သတင်းဆောင်းပါး #ဒီပဲယင်း #မြို့သိမ်းတိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10