တော်လှန်ရေးအဖွဲ့တွေ တည်းခဲ့တဲ့ လယ်တဲပိုင်ရှင်အပါ ၂ ဦးအဖမ်းခံရပြီး ရှော့တိုက်ဒုံးအချို့ပါ သိမ်းခံရ

တော်လှန်ရေးအဖွဲ့တွေ တည်းခဲ့တဲ့ လယ်တဲပိုင်ရှင်အပါ ၂ ဦးအဖမ်းခံရပြီး ရှော့တိုက်ဒုံးအချို့ပါ သိမ်းခံရ

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ အောင်ဇေယျကျေးရွာအနီးမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် တချို့တည်းခိုခဲ့တဲ့ လယ်တဲကို စစ်ကောင်စီတပ်သားတွေဝင်စီးနင်းကာ တပ်ဖွဲ့ဝင်တွေမြှုပ်ခဲ့တဲ့ ရှော့တိုက်ဒုံးတွေကို သိမ်းယူပြီး ဒေသခံ ၂ ဦးကိုလည်းဖမ်းသွားတယ်လို့ ဝေါမြို့နယ်အခြေစိုက် ဒေသခံတော်လှန်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

နိုဝင်ဘာ ၁၆ ရက် မနက် ၉ နာရီခန့်မှာ စစ်ကောင်စီအင်အား ၄၀ ခန့်ဟာ အသက် ၅၆ နှစ်အရွယ် ဦးဝင်းမြင့်ပိုင်ဆိုင်တဲ့ လယ်တဲကိုရောက်လာပြီးနောက် ဦးဝင်းမြင့်ကိုဖမ်းဆီးပြီး ဇနီးဖြစ်သူကိုတော့ ရိုက်နှက်စစ်ဆေးပြီး သူ့ကိုတော့မဖမ်းခဲ့ဘူးလို့ ဆိုပါတယ်။

လယ်တဲပိုင်ရှင်လင်မယားကို ရိုက်နှက်စစ်ဆေးပြီးနောက်မှာ လယ်တဲအနီးလယ်ကွင်းထဲမှာ မြှုပ်ထားတဲ့ ရှော့တိုက်ဒုံး ၃ လုံး၊ လက်လုပ်မိုင်း ၁ လုံး၊ လက်လုပ်သေနတ်နဲ့ ကျည်တို့ကို သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။

"(ကာကွယ်ရေးအဖွဲ့တွေက) အလုပ်လုပ်ဖို့ ပစ္စည်းနဲ့ သွားကြတယ်။ စစ်ကြောင်းက အဲ့နားတင်ရှိနေတော့ အခြေနေကြည့်နေတဲ့အချိန်မှာ သူတို့(စကစ)ဘက် ဒလန်သတင်းရလို့လာရှာချိန် ပြန်ထွက်ခဲ့လိုက်တော့ မဆိုင်တဲ့ အိမ်ရှင်ကို စစ်တယ်။ မဆိုင်တဲ့အခြားသူတွေပါရိုက်စစ်တာတွေရှိခဲ့တယ်"လို့ ဝေါမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ခုလိုစီးနင်းဖမ်းဆီးတာဟာ သတင်းပေးကြောင့်ဖြစ်နိုင်ပြီး ဝေါမြို့နယ်၊ စစ်တောင်းမြစ်ကမ်းနား ကျေးရွာတွေမှာ စစ်ကောင်စီသတင်းပေးတွေဟာ ပုံစံမျိုးစုံနဲ့ ရှိနေတာကြောင့် စစ်ရေးကိစ္စတွေကို သတိထားလုပ်ကိုင်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီအဖွဲ့ဟာ ပစ္စည်းတွေရှာဖွေသိမ်းဆည်းပြီးနောက် ဦးဝင်းမြင့်ကို ဖမ်းခေါ်လာပြီး အဗျားဌက်ချေးဝင်းကျေးရွာနေ အသက် ၃၀ အရွယ် အောင်ကိုကိုဆိုသူကိုလည်း ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအဖွဲ့ဟာ ရှော့တိုက်ဒုံးတွေဖမ်းမိပြီးနောက် အောင်ဇေယျကျေးရွာနဲ့ အနီးတဝိုက်မှာ အရပ်ဝတ်ကင်းပုန်းတွေချထားခဲ့ပြီး လူဝင်ထွက်တွေကို စောင့်ကြည့်နေတာမျိုးရှိနေတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသား ၂ ဦးကိုတော့ ဝေါမြို့နယ်ရဲစခန်းကို ခေါ်ဆောင်သွားပြီး စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၃ ရက်ကလည်း ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ညောင်ခါးရှည်ဂိတ်မှာ ခရီးသည်တင်ယာဥ်နဲ့ လိုက်ပါလာတဲ့ အမျိုးသား ၁ ဦးထံကနေ စစ်ကောင်စီအဖွဲ့က ပစ္စတိုသေနတ် ၁၆ လက်နဲ့ ခဲယမ်းတွေဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။

ပုံစာ - ဖမ်းဆီးခံရသည့် အမျိုးသား ၂ ဦးနှင့် သိမ်းဆည်းခံရသည့် ရှော့တိုက်ဒုံးများအား တွေ့ရစဉ်။ (ဓါတ်ပုံ - စကစ တယ်လီဂရမ်)

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဝေါ #စစ်ကောင်စီ #ဒေသခံ #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10