တော်လှန်ရေး ကျေးလက်ဆေးခန်းနံရံပေါ်က ပန်းချီကားများ

တော်လှန်ရေး ကျေးလက်ဆေးခန်းနံရံပေါ်က ပန်းချီကားများ

ကျေးလက်ဆေးခန်းလေးရဲ့ တမူထူးခြားနေပုံက နာမှုပတ်ဝန်းကျင်နံရံတွေပေါ်မှာ လှပမှုနဲ့ဖန်တီးမှုရောစပ်ထားတဲ့ ပန်းချီကားတွေကို ချိတ်ဆွဲထားပါတယ်။ ဒါဟာ လက်နက်ကိုင်တော်လှန်ရေးရဲဘော် တချို့ရဲ့ ပန်းချီအနုပညာ လက်ရာတွေ ဖြစ်တယ်ဆိုတာ ယုံမှားသံသယ မဖြစ်လိုက်ပါနဲ့။

လူထုလက်နက်ကိုင် တော်လှန်ရေးပေါင်းစုံ အရှိန်ကောင်းရာ အညာဒေသမှာ စစ်ကောင်စီက ကျူပင်ခုတ်ကျူငုတ်ပင်မကျန်အောင် ဖိနှိပ်ချေမှုန်းနေပေမယ့် ဒေသခံပြည်သူလူထုနဲ့ လက်နက်ကိုင်တော်လှန်ရေးတွေကတော့ လျော့သွားတယ်မရှိပါဘူး။

လက်နက်ကိုင်တော်လှန်ရေးကို ရှေးရှုသွားနေသလို တပြိုင်နက်ထဲမှာပဲ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေကိုလည်း ဂျန်ဇီလို့ခေါ်တဲ့ တော်လှန်သောမျိုးဆက်လူငယ်တွေက မေ့လျော့မထားပါဘူး။ 

အညာဒေသရဲ့  ကျေးလက်ဆေးပေးခန်းတခုကို ၂၀၂၂ ခုနှစ်ရဲ့ ဇန်နဝါရီလ တရက်မှာပဲ စနစ်တကျဖွင့်လှစ်ခဲ့ပြီး တပတ်အကြာမှာပဲ ဒေသခံ ၂၀ ကျော်ကို ကုသပေးနိုင်ခဲ့သလို ဆေးပန်းခန်းဖွင့်လှစ်နိုင်တဲ့အတွက် တော်လှန်ရေးအင်အားစုတွေအပေါ်  ပြည်သူလူထုရဲ့ ကိုးစားယုံကြည်မှုက တိုးလာခဲ့ပါတယ်။ 

အဲဒီဆေးပေးခန်းလေးကိုတော့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ (MRG) နဲ့အတူ CDM ကျန်းမာရေးဝန်ထမ်းတွေ အခြားသော တော်လှန်ရေးအင်အားစုတွေက ပူးပေါင်းလုပ်ခဲ့တာပါ။

“ကျွဲကူးရေပါဆိုသလို ကျနော်တို့က ကဗျာဆရာတွေ ပန်းချီဆရာတွေ ဖြစ်တဲ့အတွက်ကြောင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ဖြစ်ပေမယ့်လည်း ကျနော်တို့နောက်မှာ ကဗျာတွေ၊ ပန်းချီတွေ ပါလာတယ်။ ဒီသဘောပဲ လက်ဆောင်တွေ ရတယ်။ ပန်းချီဆရာတွေကလည်း ပေးတယ်။ အဲဒါနဲ့ စခန်းမှာ ပန်းချီကားတွေ ရှိတယ်။ ဆေးခန်းလေးဖွင့်ဖြစ်တော့ သပ်သပ်ရပ်ရပ်နံရံလေးတွေ ဖြစ်ချင်တော့ ချိတ်ဆွဲမိတယ်။” လို့ MRG က မြေလတ်ဒေသပြောက်ကျား တပ်ဖွဲ့ MRG ရဲ့တာဝန်ခံ ရဲဘော်ပြေဇော် က ပြောပါတယ်။

မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ မှာ ပန်းချီဆရာနဲ့ ကဗျာတွေ ရှိနေပြီး ဦးဆောင်သူတွေထဲမှာလည်း ပါဝင်နေပါတယ်။ လက်ရုံးရည်နဲ့ တိုက်ခိုက်ရတဲ့ တော်လှန်ရေးတပ်သားတွေ ဖြစ်နေပေမယ့်လည်း သူတို့ရဲ့  နဂိုရှိရင်းစွဲ နှလုံးရည် စိတ်ဓါတ်တွေကလည်း ပျောက်မသွားတဲ့အပြင် ပိုမိုအားကောင်းနေတာပါ။ အနုပညာသမားတွေအတွက် သူတို့ယုံကြည်ရာကိုလုပ်ရင်း ဖန်တီးမှုတွေကိုလည်း ထုဆစ်နေကြပါတယ်။

“ဆရာသခင်ကိုယ်တော်မှိုင်းတို့ ကိုထူးအိမ်သင်တို့ကတော့ ကျနော် အိုင်ဒေါတွေ ဖြစ်တဲ့အတွက် ပိုပြီးချိတ်ဆွဲဖြစ်တယ်။ အနုပညာရှင်တွေရဲ့ ပန်းပုံပန်းချီကား သဘာဝရှုခင်းပုံပန်းချီကားတွေပါ ပါတယ်။” လို့ ရဲဘော်ပြေဇော်က ဆိုပါတယ်။

ဓမ္မနဲ့အဓမ္မကြားမှာ ကြားနေမရှိဘူးလို့ ခံယူထားတဲ့ အနုပညာသမားတချို့ဟာ မြေလတ်ဒေသပြောက်ကြား တပ်ဖွဲ့မှာ ကြမ်းတမ်းခက်ခဲမှုတွေကို ဖြတ်သန်းရင်း စခန်းပတ်ဝန်းကျင်မှာ ကျန်းမာရေးဆေးခန်းနံရံလိုမျိုး စာကြည့်တိုက်နဲ့ တော်လှန်ရေးမှာ အသက်ပေးသွားတဲ့ ကဗျာဆရာတွေရဲ့ အမှတ်တရ မှတ်တိုင်တွေအပြင် အခြားသော အနုပညာလက်ရာတွေနဲ့ သူတို့ရဲ့ အနုပညာဘဝကို ဖန်တီးယူနေကြပါတယ်။

တဖက်မှာလည်း လက်နက်ကိုင်တော်လှန်ရေးရဲဘော်တွေကို လမ်းမှားမရောက်အောင် ကြမ်းတမ်းရိုင်းစိုင်းမှုမရှိအောင် စစ်စည်းကမ်းတွေကို လိုက်နာနိုင်အောင် အနုပညာစာပေနဲ့ ထိန်းကျောင်းပေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

 #မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10