တံတားလာပြင်တဲ့ စစ်ကောင်စီအဖွဲ့ ဒုတိယအကြိမ် ဒရုန်းနဲ့ ထပ်မံ တိုက်ခိုက်ခံရပြီး ၂ ဦးဒဏ်ရာရ

တံတားလာပြင်တဲ့ စစ်ကောင်စီအဖွဲ့ ဒုတိယအကြိမ် ဒရုန်းနဲ့ ထပ်မံ တိုက်ခိုက်ခံရပြီး ၂ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာအနီးက မိုင်းခွဲခံရလို့ ပျက်စီးသွားတဲ့ ဘုံသရော တံတားကို စစ်ကောင်စီတပ်ဖွဲ့တွေက မေလ ၂၁ ရက်မှာ လာရောက်ပြုပြင်ရာ ဒုတိယအကြိမ် ဒရုန်းနဲ့ ထပ်မံ တိုက်ခိုက်ခံရပြီး ၂ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဘုံသရောတံတားဟာ မေလ ၇ ရက် ည ၁၂ နာရီခန့်က မိုင်းခွဲခံရလို့ ပြိုကျပျက်စီးခဲ့တာဖြစ်ပါတယ်။ ဒီတံတားဟာ ကျောက်ကြီး - နတ်သံကွင်းလမ်းပိုင်းပေါ်က တံတားတစင်းဖြစ်ကာ စစ်ကောင်စီတပ်က ရိက္ခာနဲ့စစ်ကူ ပေးပို့ရာမှာ အသုံးပြုနေသလို တော်လှန်ရေးအဖွဲ့တွေဘက်ကလည်း စစ်ရေးအရ အသုံးပြုနေတယ်လို့ သိရပါတယ်။


စစ်ကောင်စီတပ်က လုံခြုံရေးယူပေးပြီး ကျောက်ကြီးခရိုင် လမ်းတံတားအဖွဲ့တွေက တံတားပြင်နေချိန် အခုလို ဒရုန်းနဲ့ တိုက်ခိုက်ခံရတယ်လို့ ဒေသခံတဦးကပြောပါတယ်။

"မနေ့က တံတားပြင်နေတဲ့ အဖွဲ့တွေ ဒရုန်းနဲ့တိုက်ခိုက်ခံရတယ်လို့ သိရတယ်။ ဗုံးသီး ၂ လုံးကျလို့ ဝန်ထမ်း ၁ ဦးနဲ့ တံတားလုပ်သား ၁ ဦးဒဏ်ရာရသွားတယ်လို့တော့ သိရတယ်"လို့ သူက ဆက်ပြောပါတယ်။

ဒရုန်းဗုံးသီးကျကွဲလို့ စစ်ကောင်စီဝန်ထမ်း ဦးဌေးလင်းနဲ့ အလုပ်သမား ကိုညီညီလွင်တို့ မစိုးရိမ်ရဒဏ်ရာတွေ ရသွားတယ်လို့ ဆိုပါတယ်။

ဒရုန်းဗုံးနဲ့တိုက်ခိုက်ခံရပြီး နောက်မှာတော့ စစ်ကောင်စီအဖွဲ့ဟာ တံတားပြုပြင်တာကို ဆက်မလုပ်တော့ဘဲ နားလိုက်တယ်လို့ သိရပါတယ်။

"မနေ့က တံတားပြင်နေတဲ့အဖွဲ့ကို တပ်မဟာ ဒရုန်းအဖွဲ့က ဒရုန်း ၂ စင်းနဲ့ ဗုံး ၂ လုံးသွားချတာက ဟုတ်ပါတယ်။ ပြန်သိရသလောက်ကတော့ အနည်းဆုံး ၂ ယောက်လောက်တော့ ထိခိုက်သွားတယ်လို့ သိရတယ်" လို့ PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

မေလ ၈ ရက် မနက် ၉ နာရီ ၅၅ မိနစ်ခန့်မှာလဲ ဘုံသရောတံတား လာပြင်တဲ့ စစ်ကောင်စီနဲ့ ဆောက်လုပ်ရေးအဖွဲ့ ဟာ KNU တပ်မဟာ ၃ စစ်ကြောင်း ၁ ပူးပေါင်းအဖွဲ့က ထောင်ထားတဲ့ မိုင်းတလုံးကိုနင်းမိပြီး ၁ ဦး သေဆုံးခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ
#မြေလတ်အသံ
#ဒရုန်း #ဘုံသရောတံတား #ကျောက်ကြီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10