တံတားဦးမှာ စစ်တပ်က နေ့စဥ်နီးပါးပေါ်တာဆွဲဖမ်းဆီးနေ

တံတားဦးမှာ စစ်တပ်က နေ့စဥ်နီးပါးပေါ်တာဆွဲဖမ်းဆီးနေ

မန္တလေးတိုင်း၊ တံတားမြို့နယ်အတွင်းမှာ စစ်မှုထမ်းအတွက် စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးနေတာတွေကို နေ့စဥ်နီးပါးပြုလုပ်နေတာကြောင့် ဒေသခံတွေစိုးရိမ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   

စက်တင်ဘာတတိယပတ်လောက်ကစတင်ပြီး အမြန်လမ်းလေဆိပ်အနီး၊ တံတားဦးမြို့ရဲ့ အနောက်ဘက်၊ တံတားဦးလေတပ်နဲ့ အနီးပတ်ဝန်းကျင်က အမြန်လမ်းတွေပေါ်မှာ စစ်မှုထမ်းဖို့အတွက် နေ့စဥ် ပေါ်ပေါ်ထင်ထင် ဖမ်းဆီးနေတာလို့ ဆိုပါတယ်။ 

"မနက် ၆ နာရီလောက်ဆို သူတို့ (စကစပူးပေါင်းအဖွဲ့)ရောက်နေပြီ။ လာသမျှဆိုင်ကယ်တွေ အကုန် တားပြီး ယောကျာ်းလေးမှန်သမျှ အကုန်ခေါ်တာ။ ကားပေါ်ဆွဲတင်တယ်။ ပြီးရင် တံတားဦး မြို့နယ်ထွေအုပ်ရုံးထဲကို ပို့တယ်။ အဲဒီမှာ လူပြန်စစ်တယ်။ အသက် ၄၀ ကျော်၊ ၅၀ တွေရော ပါတယ်။"လို့ တံတားဦးမြို့ ဒေသခံတဦးကပြောပါတယ်။

မနက် ၆ နာရီကနေ ည ၇ နာရီကျော်အထိ အရပ်ဝတ်အုပ်စုရော စစ်သားယူနီဖောင်းဝတ်နဲ့ပါ ဖမ်းဆီးလေ့ရှိပြီး နေ့လယ်ထမင်းစားချိန်မှာ တဖြတ်နားလေ့ရှိတယ်လို့ ဆိုပါတယ်။ 

ဖမ်းဆီးခံရသူတွေကို မြို့နယ်ထွေအုပ်ရုံးမှာ တနေကုန်ဖမ်းဆီးထားပြီး ညနေရောက်ရင် ကျောက်ဆည်မြို့က စစ်ကောင်စီတပ်ရင်းတခုကို ပို့ဆောင်တယ်လို့သိရပါတယ်။ 

အဲ့ဒီလို ပို့ဆောင်ခံရတဲ့လူဦးရေဟာ တရက်ကိုအမျိုးသား ၄၀ လောက်ရှိတယ်လို့ တံတားဦးမြို့မှ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက်က စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်မှာ စစ်ကောင်စီက ဆက်တိုက်ဆိုသလို စစ်မှုထမ်းခေါ်တာတွေရှိခဲ့သလို လက်ရှိမှာလည်း အောက်တိုဘာလအတွင်းမှာ စစ်မှုထမ်းအပတ်စဥ် ၆ ကို သင်တန်းဖွင့်ဖို့ပြင်နေတာဖြစ်ပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #တံတားဦး #စစ်ကောင်စီ #ဖမ်းဆီး #ဒေသခံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10