သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ တောင်တလုံးကျေးရွာက ပျူစောထီးခေါင်းဆောင် ၁ ဦးကို သေနတ်နဲ့ပစ်ခတ်ရာသေဆုံးခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။
အသက် ၆၃ နှစ်အရွယ် ပျူစောထီးခေါင်းဆောင် ချစ်ဝင်း ဆိုသူကို ဇန်နဝါရီ ၁၅ ရက် မနေ့နေ့လယ် ၁ နာရီခန့်က ယာခင်းကအပြန်မှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“ကျနော်ကတော့ ပထမ သူ့ကိုဖမ်းဆီးမဲ့ ရည်ရွယ်ချက်နဲ့သွားတာ။ အဲ့ဒီအချိန်မှာ သူကပြန်လည်ခုခံတဲ့အတွက် ရင်ဘတ်နဲ့မျက်နှာကို ပစ်ခတ်ပြီးတော့ ရှင်းလင်းခဲ့တာ။ MA 3 သေနတ်နဲ့ ၃ ချက်ပစ်ပြီး ရှင်းလင်းခဲ့တာ။” လို့ သူကပြောပါတယ်။
ပျူစောထီးခေါင်းဆောင် ချစ်ဝင်းဟာ စစ်ကောင်စီဗိုလ်မှူးတွေနဲ့ပတ်သက်တဲ့အပြင် PDF တွေရှိတဲ့ တည်နေရာကို သတင်းထောက်လှမ်းပေးမှုတွေရှိတဲ့အတွက် ခုလိုပစ်ခတ်ခဲ့တာလို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။
“ သူ့ရဲ့ဖုန်းမှာလည်း သက်သေတွေရှိတယ်။ စစ်ကောင်စီနဲ့ပတ်သက်ပြီး ဗိုလ်မှူးတွေရဲ့ကိစ္စဖြစ်တဲ့ နယ်မြေရှင်းလင်းတာတွေ လိုက်ပေးတာတွေ၊ PDF တွေရဲ့နေရာကို သတင်းထောက်ပေးတာတွေလုပ်လို့ ပစ်ခတ်ရှင်းလင်းခဲ့တာ။” လို့ သူကပြောပါတယ်။
ပစ်ခတ်ပြီးနောက် ချစ်ဝင်းဆီကနေ သေနတ် ၁ လက်၊ ၉ မမ ကျည် ၁၆ တောင့်၊ ဓါးအရှည် ၁ ချောင်း၊ ဓါးအတို ၂ ချောင်း၊ မှတ်ပုံတင်၊ ကီးပတ်(ခလုတ်) ဖုန်း ၁ လုံး၊ ဟန်းဖုန်း ၂ လုံးတို့ကို သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် ညနေ ၅ နာရီခန့်မှာ တံတားဦးလေတပ်ဘက်ကလာတဲ့ Mi 35 ၁ စီးက တောင်တလုံးရွာအနီးမှာ စက်လတ်တွေနဲ့ပစ်ခတ်ခဲ့ပေမယ့် ထိခိုက်ပျက်စီးမှုတွေမရှိခဲ့ဘူးလို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တာဝန်ရှိသူက ပြောပါတယ်။
" ပျူစောထီးခေါင်းဆောင် ချစ်ဝင်းဆိုရင် ပြည်သူတွေက ဖိန့်ဖိန့်တုန်အောင်ကြောက်တယ်။ ဒီကောင့်ကြောက်လို့ တော်တော်တန်တန်အဖွဲ့အစည်းတွေတောင် ကပ်လို့မရဘူး။ မြစ်ငယ်အဖွဲ့ဆိုရင် အစီးခံလိုက်ရသေးတယ်၊ ဒီကောင့်ရဲ့လက်ချက်လို့ ပြောလို့ရတယ်။" လို့ ပျူစောထီးခေါင်းဆောင်ချစ်ဝင်းရဲ့ လုပ်ရပ်တွေကို ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီ ၂ ရက်ကလည်း မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၀ ဦးကျော် သေဆုံးခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#တံတားဦး #ပျူစောထီးခေါင်းဆောင် #ပစ်ခတ် #သေဆုံး
Share Share Share