တွဲကားနောက်ဆုတ်ချိန် ရပ်ထားတဲ့ကားကိုဝင်တိုက်လို့ ကားအောက်အိပ်နေတဲ့ယာဉ်မောင်းကို ကြိတ်မိပြီး သေဆုံး

တွဲကားနောက်ဆုတ်ချိန် ရပ်ထားတဲ့ကားကိုဝင်တိုက်လို့ ကားအောက်အိပ်နေတဲ့ယာဉ်မောင်းကို ကြိတ်မိပြီး သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ဟင်းငုတ်ပင်ရွာအနီး OK စက်သုံးဆီဆိုင်ရှိ ကားရပ်နားဝန်းနေရာမှာ ကားအောက်အိပ်နေသူ ယာဉ်မောင်းအမျိုးသားတဦး ကားကြိတ်မိတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇန်နဝါရီ ၁၃ ရက် ဒီမနက် ၅ နာရီခန့်မှာ ကားရပ်နားဝန်းမှ ညအိပ်ကားတွေ ပြန်ထွက်ချိန် ၂၂ ဘီးတွဲယာဉ်နောက်ဆုတ်ရာမှ ရပ်ထားတဲ့ ၆ ဘီး Canter ယာဥ်ကို ဝင်တိုက်မိခဲ့တာကြောင့် ကားဘီးလိမ့်ပြီး အဆိုပါ ၆ ဘီးယာဉ်အောက် ဝင်အိပ်နေသူ အသက် ၃၀ ကျော်ရှိ ယာဥ်မောင်း ကိုရဲအောင်ကို ကြိတ်မိခဲ့တာလို့ ဆိုပါတယ်။

" တွဲကားက တိုက်လိုက်တဲ့အရှိန်ကြောင့် သူ့ကားက သူကို ပြန်ကြိတ်သွားတဲ့သဘော။ တော်တော်အခြေအနေဆိုးဆိုးနဲ့ သေသွားတာလို့ ပြောရမယ်"လို့ အုတ်တွင်းနယ်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

၆ ဘီး Canter ယာဥ်ကြိတ်မိလို့ ယာဥ်မောင်း ကိုရဲအောင်မှာ ဦးခေါင်းအပါအဝင် ခန္ဓာကိုယ်ပါပြားချပ်ပြီး နေရာမှာပဲ သေဆုံးသွားကာ သေဆုံးသူယာဉ်မောင်းဟာ နေပြည်တော်မှာ နေထိုင်သူလို့ သိရပါတယ်။

ယခုယာဥ်တိုက်မှုဖြစ်တဲ့နေရာဟာ အုတ်တွင်းမြို့ ညမထွက်ရချိန်ကို ကျော်လွန်ရောက်ရှိလာတဲ့ ယာဥ်တွေကို ညအိပ်ဖို့စီစဥ်ပေးထားတဲ့နေရာဖြစ်ပြီး ကုန်တင်ယာဥ်အများစု ညအိပ်ရပ်နားတဲ့နေရာ ဖြစ်ပါတယ်။

ကားကြိတ်မိလို့ သေဆုံးသွားတဲ့အလောင်းကိုတော့ ဒေသခံလူမှုကူညီရေးအသင်းတွေက သယ်ဆောင်ပြီး အုတ်တွင်းမြို့နယ်ဆေးရုံကို ပို့ပေးခဲ့ကာ တွဲကားမောင်းနှင်သူကတော့ ထွက်ပြေးနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်ကလည်း အုတ်တွင်းမြို့နယ်၊ အုန်းပင်ကျေးရွာ သံတံတားအနီးကိုင်းကွက်ထဲမှာ  မြက်ရိတ်နေတဲ့ အမျိုးသား ၁ ဦးခေါင်းဆင်နင်းခံရလို့ သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #အုတ်တွင်း #ယာဉ်မတော်တဆမှု #လူသေဆုံး #တွဲကား #ယာဉ်မောင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10