တွဲကား ၃စီးရှာမတွေ့လို့ အိမ်ခြေ ၃၀၀နီးပါး မီးရှို့ခံလိုက်ရပြီး စစ်ရှောင်ပြည်သူတွေ အကူညီလိုအပ်

တွဲကား ၃စီးရှာမတွေ့လို့ အိမ်ခြေ ၃၀၀နီးပါး မီးရှို့ခံလိုက်ရပြီး စစ်ရှောင်ပြည်သူတွေ အကူညီလိုအပ်

မကွေးတိုင်း ပေါက်မြို့နယ်က ရွာတွေနဲ့ ပခုက္ကူမြို့နယ် မြစ်ဖျားရွာကို ပြီးခဲ့တဲ့ ဧပြီလ ၈ရက်နေ့လည်ပိုင်းမှာ တွဲကား ၃စီးဝင်ရှာရင်း မတွေ့လို့ ရွာကို မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံအမျိုးသားတဦးဆီက သိရပါတယ်။

ပေါက်မြို့နယ်မှာ ပျောက်သွားတဲ့ တွဲကား ၃စီးကို ရှာရင်း ပေါက်မြို့နယ်က ရေကျော်ရွာကို စပြီး မီးရှို့ခဲ့သလို အင်အား အများအပြားနဲ့ မြစ်ဖျားရွာကို စစ်ကောင်စီတပ်တွေဝင်လာပြီး လက်နက်ကြီးတွေနဲ့ ပစ်နေလို့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရချိန်မှာ မပြေးနိုင်တဲ့ သူတွေကို ကယ်ထုတ်ရင်း အဖမ်းခံလိုက်ရတဲ့ အကြောင်းကို ဒေသခံအမျိုးသား တဦးက ပြောပါတယ်။ 

" အဲ့လိုကယ်ထုတ်နေရင်း သူငယ်ချင်းတယောက်က ကျည်ထိသွားတယ် ကျနော်တို့ကို နေပူထဲမှာဖိနပ်မပါပဲ ရပ်နေခိုင်းတယ်၊ တွဲကား ၃စီးဘယ်မှာလဲလို့ မေးတယ်၊ မသိလို့ မသိဘူးဖြေတာကို ရိုက်ခံရတယ်၊ စစ်ဖိနပ်တွေနဲ့လည်း ကန်ခံရတယ်၊ နေပူထဲမှာနေလို့ ချွေးပြန်တာကို ဘာလို့ချွေးပြန်တာလဲမေးလို့ ကြောက်လို့ပါလို့ ပြောတာကို လှိမ့်ရိုက်တယ်ဗျ" လို့ ပြောပါတယ်။

အဲ့ဒီလို နေပူထဲမှာ ဖိနပ်မပါပဲ စစ်မေးတဲ့ အပြင် ခေါင်းထောင်ခွင့်လည်းမရှိသလို ထောင်တဲ့ သူ ရိုက်ခံရပါတယ်၊ အင်အား ၁၀၀ နီးပါးပါဝင်ပြီး ရွာကိုမီးရှို့သွားလို့ အိမ်ခြေ ၁၆၀ကျော် မီးလောင်ပျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။
" ခေါင်းငုံ့ထားရတာ မော့တာနဲ့ ရိုက်တာ၊ သူတို့ပြန်တဲ့အချိန်တောင် ကျနော်တို့ကို လှည့်မကြည့်ရဘူး ခေါင်းကို ငုံ့ထားရတာဗျ ခေါင်းဖော်မကြည့်ရဘူး" လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

လက်ရှိမီးရှို့ခံလိုက်ရတဲ့ အိမ်ခြေ ၁၆၀ကျော်က အိမ်ထောင်စုတွေဟာ တောထဲမှာ မိုးကာစတွေခင်းပြီး နေထိုင်တဲ့သူတွေရှိသလို ဘုန်းကြီးကျောင်းမှာ နေထိုင်ရသူတွေလည်း ရှိနေပါတယ်။ 

" ခုနေမှာ ဝါးလုံးတလုံးတောင် ဝယ်နိုင်တဲ့ အခြေအနေမဟုတ်တော့ဘူး ၊ ကျနော်တို့ ချွေးနှဲစာနဲ့ဆောက်ခဲ့တဲ့ အိမ်၊ ဘယ်လိုလုပ် ဒီဟာကြီးကို ပြန်‌ဆောက်နိုင်မှာတုန်း၊ စားနပ်ရိက္ခာနဲ့ နေဖို့ထိုင်ဖို့နဲ့ ငွေရေးကြေးရေးလေး ရရင် အဆင်ပြေတာပေါ့ လောလောဆယ်" လို့ ပြောပါတယ်။

စစ်ကောင်စီက တရွာလုံးကို မီးရှို့ခဲ့တာဖြစ်ပေမယ့် မြစ်ဖျားရွာရဲ့ ချောင်းတဖက်ကမ်းက အိမ် ၁၅၀ကျော်က မလောင်ပဲ ကျန်နေပြီး ကြောက်လို့ပုန်းနေတဲ့ အမျိုးသားတဦးလည်း စစ်ကောင်စီကြောင့် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုနေရတယ်လို့ သိရပါတယ်။

တွဲကား ၃စီးပျောက်ဆုံးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီက ပေါက်မြို့နယ်နဲ့ ပခုက္ကူမြို့နယ် အစပ်မှာ ရှိတဲ့ ရွာတွေကို အင်အားသုံးရှာဖွေခဲ့ပြီး လေယာဥ်တွေနဲ့ပါပစ်ခတ်မှုတွေလုပ်ခဲ့တဲအပြင် အနည်းဆုံး ၆ရွာလောက်ကို မီးရှို့ခဲ့ပြီး အိမ်ခြေ ၃၀၀ နီးပါး မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။

  

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10