ထင်းမီးဖိုကတဆင့် နေအိမ်မီးလောင်လို့ မွေးကင်းစ ရက်သားမိန်းကလေးငယ် ၁ ဦးသေဆုံး

ထင်းမီးဖိုကတဆင့် နေအိမ်မီးလောင်လို့ မွေးကင်းစ ရက်သားမိန်းကလေးငယ် ၁ ဦးသေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ရွှေလှိုင်းကျေးရွာမှာ ဇန်နဝါရီလ ၂၀ ရက် ဒီကနေ့ မနက် ၉ နာရီကျော်က နေအိမ်မီးလောင်လို့ မွေးကင်းစမိန်းကလေးငယ် ၁ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ရွှေလှိုင်းရွာက ဒေါ်အေးမူရဲ့နေအိမ်မှာ ထင်းမီးဖိုကတဆင့် နေအိမ်ကိုမီးကူးစက်လောင်ကျွမ်းတာဖြစ်ပြီး   မီးလောင်နေစဉ် နေအိမ်ပုခက်အတွင်း အိပ်ပျော်နေတဲ့ ဒေါ်အေးမူရဲ့အငယ်ဆုံးသမီး အသက် ၁၅ ရက်အရွယ် မအေးအေးစိုး မီးထဲပါပြီး သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

" ပုခက်ထဲအိပ်နေတဲ့ ကလေးကို အကြီးဆုံး ၅ နှစ်သားကလေးနဲ့ အိမ်စောင့်ထားခဲ့ပြီး အလတ်ကလေး ၂ ယောက်ကို သူ့အဒေါ်အိမ်ဆိုလားမသိဘူး သွားပို့တာ။ အဲ့ဒီအချိန်မီးထလောင်ပြီး ပုခက်ထဲက ၁၅ ရက်သား ကလေးက မီးထဲပါသွားတာ” လို့ ညောင်ဦးဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒေါ်အေးမူဟာ နေအိမ်မှာထမင်းအိုးတည်ပြီးနောက် ထင်းမီးဖိုကိုငြိမ်းသတ်ပြီး နေအိမ်အပြင်ကိုထွက်သွားခဲ့တာဖြစ်သော်လည်း မီးကြွင်းကျန်တာကနေတဆင့် နေအိမ်ထရံကို ကူးစက်မီးလောင်ခဲ့တာဖြစ်ပြီး အိမ်မှာစောင့်ကျန်နေတဲ့ အသက် ၅ နှစ်အရွယ် ကလေးငယ်ကတော့ နေအိမ်ပေါ်ကဆင်းပြေးနိုင်ခဲ့လို့ ထိခိုက်ဒဏ်ရာမရှိလွတ်မြောက်သွားတယ်လို့ သိရပါတယ် ။

မီးလောင်ကျွမ်းလို့ ဒေါ်အေးမူရဲ့သွပ်မိုး၊ထရံကာနေအိမ်တလုံး မီးလောင်ပျက်စီးသွားပြီး မီးပေါ့ဆစွာအသုံးပြုတဲ့ မိခင်ဖြစ်သူဒေါ်အေးမူကို ရဲကအမှုဖွင့်ထားတယ်လို့ သိရပါတယ်။

မီးလောင်တဲ့အိမ်ကို ဒေသမီးသတ်တပ်ဖွဲ့တွေနဲ့ ရွာခံပြည်သူတွေက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ပေမယ့် နေအိမ်ပြာကျသွားခဲ့ကာ တခြားနေအိမ်တွေကိုတော့ ကူးစက်လောင်ကျွမ်းတာမျိုးမရှိဘူးလို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မန္တလေး #ညောင်ဦး #နေအိမ်မီးလောင် #မွေးကင်းစ #မိန်းကလေး #သေဆုံးမှု #မီးပေါ့ဆမှု #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10