ထန်းတပင်က တပ်စခန်း ၂ ခုကို စစ်တပ်က စွန့်ခွာထွက်ပြေးသွားလို့ KNLA က မီးရှို့ရှင်းလင်း

ထန်းတပင်က တပ်စခန်း ၂ ခုကို စစ်တပ်က စွန့်ခွာထွက်ပြေးသွားလို့ KNLA က မီးရှို့ရှင်းလင်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ KNU တပ်မဟာ ၂ ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စွန့်ခွာထွက်ပြေးသွားလို့  KNLA ဘက်က မီးရှို့ရှင်းလင်းခဲ့တယ်လို့ ဇန်နဝါရီ ၃ ရက်မှာ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၃၁ ရက်မှာ မိုနေပွာကျေးရွာအုပ်စုအတွင်းရှိ ဖလေးဆာလိုကျေးရွာ ဘိုးဘွားပိုင် သင်္ချိုင်းမြေအတွင်း တပ်စွဲထားတဲ့  စကခ ၂၀ အောက်ရှိ ခမရ ၅၈၁ တပ်စခန်းကို စစ်ကောင်စီတပ်သားတွေ စွန့်ခွာသွားပါတယ်။

ဇန်နဝါရီ ၂ ရက်မှာ ကလောမီဒဲ ကျေးရွာပိုင်မြေအတွင်း တပ်စွဲထားတဲ့ စကခ ၂၀ အောက်ရှိ ခမရ ၅၈၁ တပ်စခန်းကလည်း စစ်ကောင်စီတပ်သားတွေ စခန်းစွန့် ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

"ကျနော်တို့ သိရသလောက်က စကစ တပ်သားတွေ စခန့်းစွန့်ထွက်ပြေးသွားလို့ KNLA ပူးပေါင်းတပ်တွေဘက်က စခန်းကို မီးရှို့ဖျက်ဆီးတာလောက်ပဲ သိရတယ်။ ကျန်တာကတော့ KNU ဘက်က သတင်းထုတ်ပြန်လိမ့်မယ်တူတယ်" လို့ တောင်ပိုင်းတိုင်းအမှတ် ၂ စစ်ဒေသခွဲ တာဝန်ရှိသူတဦးကပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာသွားလို့ ဇန်နဝါရီ ၂ ရက်မှာ KNLA ပူးပေါင်းတပ်တွေဘက်က နယ်မြေရှင်းလင်းရေးလုပ်ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။

KNLA ပူးပေါင်းတပ်တွေဘက်က အဆိုပါ စခန်း ၂ ခုကို ရိက္ခာတွေမသယ်နိုင်အောင် လမ်းကြောင်းတွေကို ပိတ်ဆို့ ဖြတ်တောက်ထားတာကြောင့် ရိက္ခာပြတ်တဲ့ဒဏ်ကို မခံနိုင်လို့ စစ်ကောင်စီအဖွဲ့တွေ စခန်းစွန့်ခွာထွက်ပြေးသွားတာဖြစ်တယ်လို့ KNU ဘက်က သတင်းထုတ်ပြန်ပါတယ်။

စခန်းတွေကို တက်ရောက်ရှင်းလင်းချိန်မှာ ဖလေးဆာလိုတပ်စခန်းအတွင်းမှ လက်နက်ကြီးခဲယမ်း၊ RPG ကျည်တွေနဲ့ မိုင်းတွေအမြောက်အများ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

အဲ့ဒီစခန်းတွေဟာ ၁၉၇၅ မှာ ပထမအကြိမ် စတင်တပ်စွဲခဲ့ပြီး ၁၉၇၉ ခုနှစ် ဆုတ်ခွာသွားခဲ့ကာ ဒုတိယအကြိမ် အနေနဲ့ ၂၀၀၆ မှာ  စစ်ကောင်စီတပ် တပ်မ ၆၆ မှဦးဆောင်ပြီး တောဦးခရိုင်အတွင်း နေထိုင်သော ကရင်လူမျိုးများအား မြေလှန်စနစ်နဲ့ လူမျိုးတုန်းရှင်းလင်းရေး စစ်ဆင်ရေးအတွင်း ဝင်ရောက်ကျူးကျော်လာခဲ့သော တပ်စခန်းတွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နဲ့ ဒီဇင်ဘာ ၇ ရက်မှာလည်း ရွှေကျင်မြို့နယ်အတွင်းက ဝင်းကလုံးစခန်းနဲ့ ကွန်ဖဲ့စခန်းကို စစ်ကောင်စီတပ်သားတွေက စွန့်ခွာသွားပြေးလို့ KNLA ဘက်က မီးရှို့ရှင်းလင်းခဲ့ရသေးတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #တောင်ငူခရိုင် #ထန်းတပင်မြို့နယ် #KNU #စစ်ကောင်စီ #KNLA  #မီးရှို့ #KNU  #ရွှေကျင် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10