ထန်းတပင်တိုက်ပွဲ လေကြောင်းဗုံးကြဲမှုဆက်တိုက်ပြုလုပ်နေပြီး အရပ်သား ၁၀ ဦးခန့်သေဆုံးထားကာ ဒေသခံ ၅၀၀၀ ကျော်ပြေးနေရ

ထန်းတပင်တိုက်ပွဲ လေကြောင်းဗုံးကြဲမှုဆက်တိုက်ပြုလုပ်နေပြီး အရပ်သား ၁၀ ဦးခန့်သေဆုံးထားကာ ဒေသခံ ၅၀၀၀ ကျော်ပြေးနေရ

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့မှာ ယမန်နေ့ ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းက စတင်တဲ့တိုက်ပွဲတွေဟာ ဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲအတွင်း အရပ်သား ၁၀ ဦးခန့်သေဆုံးကာ ဒဏ်ရာရရှိသူတွေလည်းရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ တိုက်ပွဲဖြစ်ပွားပြီးနောက် ဇရပ်ကြီးရဲစခန်းအနီးပိတ်မိနေတဲ့ မြို့ခံတွေဖြစ်ပြီး စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ နှစ်ဖက်ပစ်ခတ်မှုတွေအကြား ထိခိုက်သေဆုံးခဲ့ရတာဖြစ်ကာ အမျိုးသမီး၊ အမျိုးသား ၁၀ ဦးဝန်းကျင်သေဆုံးကာ ကလေးငယ် ၂ ဦးအပါအဝင် ၅ ဦးဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

"တိုက်ပွဲက မနေ့ကလည်း တနေကုန်ညလုံးပဲ ဒီမနက်လည်း ထပ်ဖြစ်နေတယ်။ သေတာက မနေ့ညနေပိုင်းရော ဒီမနက်မှာရော သေကြတယ်။  သေဆုံးအလောင်းတွေကို ကောက်လို့မရသေးဘူး။ ဒဏ်ရာရသူတွေကိုတော့ တောင်ငူဆေးရုံကို ပို့ထားရတယ် "လို့ ဇရပ်ကြီးဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒီကနေ့မနက် ၈ နာရီကနေ ၁၀ နာရီအထိ ဇရပ်ကြီးမြို့ပြင် ခလရ ၇၃ အနီးမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲပစ်ကူပေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

လေကြောင်းဗုံးကြဲခံရလို့ ဇရပ်ကြီးမြို့တွင်းရှိ နေအိမ်အလုံး ၂၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ရကာ လတ်တလောမှာ ဇရပ်ကြီးမြို့လုံးကျွတ်နီးပါး၊ ကင်မွန်းခြုံ၊ မင်းကြိုင်းရွာ၊ မြို့ဆိုး၊ တောင်ကုန်းရွာတွေအပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံ ၅၀၀၀ ကျော်ဟာ တောင်ငူနဲ့အုတ်တွင်း မြို့နယ်တွေဘက်ကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၇ ရက်မနေ့ မနက်အစောပိုင်းက စတင်ကာ KNLAနဲ့ပူးပေါင်းတပ်တွေဘက်က ဇရပ်ကြီး အခြေစိုက် ခလရ ၇၃ ၊ ဇရပ်ကြီးရဲစခန်း၊ မြို့ဆိုးတံတားစစ်ဆေးရေးဂိတ်၊ ချောင်းချာစခန်း၊ ရှားစေးလိုးစခန်းတွေကို တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဇရပ်ကြီးမြို့ကို ထိန်းချုပ်နိုင်ရေး လုပ်ဆောင်နေတာပါ။

" နေရာတော်တော်များများကိုတော့ ထိန်းချုပ်ထားနိုင်ပြီးလို့ သိရတယ်။ အသေးစိတ်အခြေနေကိုတော့ ပြောလို့ မရသေးဘူး။ တိုက်ပွဲက ဆက်ဖြစ်နေတယ်" လို့ ဒေသကာကွယ်ရေးရဲဘော်တဦးက ပြောပါ တယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ထန်းတပင် #ဇရပ်ကြီး #တိုက်ပွဲ #ခလရ၇၃

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10