ထန်းတပင်မြို့နယ်ထဲမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်နေလို့ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ

ထန်းတပင်မြို့နယ်ထဲမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်နေလို့ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ထဲမှာ စစ်တပ်က လက်နက်ကြီးနေ့စဥ်ပစ်ခတ်နေလို့ တိမ်းရှောင်နေရတဲ့ ဒေသခံတွေ ပိုများလာတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေထံက သိရပါတယ်။

ဩဂုတ် ၉ ရက်က ကင်မွန်းခြုံကျေးရွာနဲ့ ခလရ ၇၃ အနီးပစ်ခတ်မှုတချို့ဖြစ်ပွားခဲ့ပြီးနောက်မှာ ဩဂုတ် ၁၁ ရက်ထိ စစ်ကောင်စီတပ်ဘက်က ကင်မွန်းခြုံ၊ ဒိုးတန်ကျေးရွာတွေအပါအဝင် အနီးအနားကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ နေ့စဥ်ပစ်ခတ်နေတာလို့ ဆိုပါတယ်။

"စစ်ရှောင်တွေကတော့ မနေ့ကအထိ ပြေးလာနေကြတုန်းပဲ။ တချို့ကလည်း ရွာလုံးကျွတ်နီးပါး။ တချို့ကျတော့လည်း အိမ်စောင့်လောက်ထားပြီး ပြေးလာကြတယ်။ ပစ်ခတ်မှု လွတ်လောက်တယ်ထင်တဲ့နေရာတွေက သွားခေါ်နေရတုန်း။ တချို့ကျတော့ ရွာတွေကနေ ထွက်မရသူတွေလည်း ရှိနေသေးတယ်" လို့ စစ်ရှောင်အရေးကူညီပေးနေသူတဦးက ပြောပါတယ်။

လက်နက်ကြီးပစ်ခတ်နေမှုကြောင့် ကင်မွန်းခြုံ၊ ဒိုးတန်း၊ ပုဂံကွဲ၊ ဒါးဒေါက်အပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံ ၄,၀၀၀ ထက်မနည်းထွက်ပြေးနေရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေက ဇရပ်ကြီးမြို့ပေါ်၊ တောင်ငူမြို့ပေါ်တွေနဲ့ ဘေးလွတ်ရာ ကျေးရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်ဘေးရှောင်လာသူတွေဟာ ကတိုက်ကရိုက်ထွက်ခွာလာရတာကြောင့် အစားအသောက်၊ ရေနဲ့ ဆေးဝါးတွေ အတွက် အကူအညီလိုအပ်နေကြပါတယ်။

"တိုက်ပွဲကတော့ ကြီးကြီးမားမားဖြစ်နေတာမျိုး မရှိဘူး။ ၉ ရက်နေ့လောက်က ကင်မွန်းခြုံနားမှာ ခဏလောက် တိုက်ပွဲဖြစ်ခဲ့တယ်။ အဲနောက်ပိုင်း ထပ်ဖြစ်တာမရှိဘဲ စကစဘက်ကပဲ လက်နက်ကြီးတွေ ဆက်တိုက်ပစ်နေ တာ" လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက မြေပြင်အခြေအနေကို ပြောပြပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်နေမှုကြောင့် ဩဂုတ် ၉ ရက်ကနေ ၁၁ ရက်အတွင်း ကင်မွန်းခြုံ ရွာက အမျိုးသမီးတွေအပါအဝင် ဒေသခံ ၅ ဦးသေဆုံးထားပြီး ၇ ဦးခန့်ဒဏ်ရာရထားပါတယ်။

ဩဂုတ် ၁၂ ရက် မနက်ပိုင်းထိ ခလရ ၇၃ နဲ့ ဇရပ်ကြီးရဲစခန်းမှာ စစ်ကောင်စီဘက်က အင်အားတွေ ထပ်တိုးထားသလို KNLA ပူးပေါင်းတပ်တွေဘက်ကလည်း ကျေးရွာတွေအနီးဝန်းကျင်မှာရှိနေတာကြောင့် နှစ်ဘက်စစ်ရေးတင်းမာနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကလည်း  ခလရ ၇၃၊ ဇရပ်ကြီးရဲစခန်း၊ မြို့ဆိုးတံတား စစ်ကောင်စီဂိတ်၊ နှစ်တန့်ကူ တံတားနဲ့ ရေကြည်ချောင်းတံတားစစ်ဆေးရေးဂိတ်တွေကို KNLA ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ ဒေသခံသောင်းချီ စစ်ဘေးရှောင်ခဲ့ပြီး အရပ်သား၊ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးများခဲ့ရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ထန်းတပင် #စစ်တပ် #လက်နက်ကြီး #စစ်ရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10