ထန်းတပင်မြို့နယ်မှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ပြည်သူ ၂ ဦးသေဆုံး

ထန်းတပင်မြို့နယ်မှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ပြည်သူ ၂ ဦးသေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇလုပ်ကြီးရွာမှာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ပြည်သူ ၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဩဂုတ် ၁၆ ရက် မနက် ၈ နာရီ ၄၅ မိနစ်ခန့်မှာ ဖြူးမြို့နယ်၊ သစ်ခြောက်ခင်ကျေးရွာမှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့က ထန်းတပင်မြို့နယ်၊ ဇလုပ်ကြီးရွာဘက်ကို လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

"စကစ လက်နက်ကြီးပစ်တဲ့ ရွာနဲ့ လက်နက်ကြီးပစ်ခံရတဲ့ ရွာက စစ်တောင်းမြစ်အရှေ့နဲ့အနောက်ပဲ ခြားတယ်။ ဒီမနက်က ၈၁ မမ ၃ လုံး လှမ်းပစ်တာ။ ပစ်တဲ့ စကစ အဖွဲ့က လှုပ်ရှားစစ်ကြောင်း အင်အား ၁၀၀ လောက်ရှိမယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ဇလုပ်ကြီးကျေးရွာ အနောက်ပိုင်းနေ ကိုမောင်ထွေး(ခ)ကျော်ဇေယျ အသက် ၆၀ နှစ်ခန့်ဟာ ရင်အုံ၊ နှာခေါင်း၊ နားထင် ပေါက်ထွက်နဲ့ ကိုသန့်ဇော် အသက် ၃၅ နှစ်ခန့်ဟာ ညာလက်ကောက်ဝတ်ပြတ်၊ ဘယ်ဘက်ဝမ်းအောက်ပိုင်းပွင့်ထွက် ဒဏ်ရာတွေရပြီး နေရာမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်နေလို့ ဇလုပ်ကြီးကျေးရွာသားအချို့ ထွက်ပြေးနေရပြီး အချို့ကတော့ အ​ခြေနေကို စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။

ဩဂုတ် ၁၂ ရက်ကလည်း ဖြူးမြို့နယ်၊ မြက်နီကွင်းကျေးရွာကို အင်အား ၆၀ လောက်နဲ့ ရောက်လာတဲ့ စစ်ကောင်စီအဖွဲ့က ထန်းတပင်မြို့နယ်၊ ငါးဆီလှောင်ကျေးရွာထဲကို လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရသွားသေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပဲခူးတိုင်း #ထန်းတပင် #ဇလုပ်ကြီး #စစ်ကောင်စီ #လက်နက်ကြီးပစ်ခတ်မှု #စစ်ရှောင် #အရပ်သား #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10