ထန်းတပင်မှာ စစ်ကောင်စီဘက်က တပ်စခန်း ၁ ခု ထပ်မံစွန့်ခွာ၊ KNLA ဘက်က မီးရှို့ရှင်းလင်း

ထန်းတပင်မှာ စစ်ကောင်စီဘက်က တပ်စခန်း ၁ ခု ထပ်မံစွန့်ခွာ၊ KNLA ဘက်က မီးရှို့ရှင်းလင်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ KNU တပ်မဟာ ၂ ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်း ၁ ခုက တပ်သားတွေ စခန်းကိုစွန့်ခွာထွက်ပြေးသွားပြီး အဲ့ဒီစခန်းကို KNLA ဘက်က မီးရှို့ရှင်းလင်းခဲ့တယ်လို့ ဇန်နဝါရီ ၇ ရက်မှာ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂ ရက်မှာ KNU အုပ်ချုပ်နယ်မြေ ထန်းတပင်မြို့နယ်၊ ဒေးလိုကျေးရွာအုပ်စု၊ မူဆာလေးရှိ သောက်ရေခပ် အမှတ် ၂ ရေအားလျှပ်စစ်ထုတ်လုပ်ရေး ရေကာတာလုံခြုံရေးယူထားတဲ့ စကခ ၂၀ လက်အောက်ခံ ခမရ ၅၈၁ က တပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

"KNU သတင်းထုတ်ပြန်ချက်အရတော့ စကစ စခန်းတခု ထပ်စွန့်ပြီးပြေးတာသိရတယ်။ သူတို့မရှိတော့ စခန်းကိုလည်း မီးရှို့ဖျက်ဆီးလိုက်တာရှိတယ်။ စကစ စခန်းစွန့်ပြီး နောက်ရက်မှာပဲ ရှင်းလင်းခဲ့ကြတာ"လို့ ဒေသကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

မူဆာလေး သောက်ရေခပ် အမှတ် ၂ ရေအား လျှပ်စစ်ထုတ်လုပ်ရေးရေကာတာ လုံခြုံရေး တပ်စခန်းဟာ ၂၀၁၃ ခုနှစ်ကတည်းက စစ်တပ်က လာရောက်တပ်စွဲအခြေပြုထားတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။

မီးရှို့ဖျက်ဆီးချိန်မှာ စခန်းအတွင်း စစ်ကောင်စီတပ်သားတွေနေထိုင်သွားတဲ့ တဲအဟောင်းတွေနဲ့ အသုံးအဆောင်ပစ္စည်း အနည်းငယ်သာ တွေ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါစခန်းအပါအဝင် တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားတဲ့ နေရာ ၃ ခုထိ ရှိပြီလို့ သိရပါတယ်။ 

ဒီဇင်ဘာ ၃၁ ရက်မှာ မိုနေပွာကျေးရွာအုပ်စုအတွင်းရှိ၊ ဖလေးဆာလိုကျေးရွာ ဘိုးဘွားပိုင် သင်္ချိုင်းမြေအတွင်း တပ်စွဲထားတဲ့ စကခ ၂၀ လက်အောက်ခံ ခမရ ၅၈၁ က စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ထွက်ပြေးခဲ့ကြပါတယ်။ 

ဒါ့အပြင် ဇန်နဝါရီ ၂ ရက်မှာလည်း ကလောမီဒဲကျေးရွာပိုင်မြေအတွင်း တပ်စွဲထားတဲ့ စကခ ၂၀ လက်အောက်ခံ ခမရ ၅၈၁ က တပ်သားတွေက စခန်းစွန့် ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ထန်းတပင် #စစ်ကောင်စီ #စခန်းစွန့် #ထွက်ပြေး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10