ထန်းတပင်မှာ စစ်တပ်ကလေယာဥ်နဲ့ပစ်ခတ်လို့ ဒေသခံ ၃,၀၀၀ ကျော် ထွက်ပြေးနေရ

ထန်းတပင်မှာ စစ်တပ်ကလေယာဥ်နဲ့ပစ်ခတ်လို့ ဒေသခံ ၃,၀၀၀ ကျော် ထွက်ပြေးနေရ

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်ထဲကကျေးရွာတွေကို စစ်ကောင်စီက လေယာဥ်နဲ့လာရောက်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံထောင်ချီ ထပ်မံထွက်ပြေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၁၅ ရက် မနက် ၈ နာရီခန့်ကစတင်ပြီး စစ်ကောင်စီတိုက်လေယာဥ်တစီးဟာ ကျောက်ကြီးပေါက်၊ မဲဖလန်၊ ကြက်တက်ညောင်ပင်၊ ညောင်ပင်သာကျေးရွာတွေအနီးကို ရော့ကတ်နဲ့ပစ်ခတ်တာ၊ ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။  

"ပစ်သွားတာကတော့ ရွာအနီးချောင်းစပ်တွေ၊ လယ်ကွက်တွေထဲကို ပစ်သွားတာ။ ကြက်တက်ညောင်ပင်မှာတော့ ရွာထဲကျပေမယ့် လူမရှိတဲ့အိမ်နားကျတာ။ ကျောက်ကြီးပေါက်မှာဆို ရောကတ်နဲ့ လေးလုံးပစ်ချသွားတာ"လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီကျေးရွာတွေအနီးမှာ တိုက်ပွဲဖြစ်ပွားတာလည်းမရှိသလို PDF တွေဘက်က ခိုအောင်းနေထိုင်နေတာမျိုးလည်းမရှိဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် တိုက်ခိုက်မှုကြောင့် လူထိခိုက်မှုတော့မရှိခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။ 

ကျောက်ကြီးပေါက်၊ မဲဖလန်၊ ကြက်တက်ညောင်ပင်၊ ညောင်ပင်သာ၊ ကျေးရွာအပါအဝင်ကျေးရွာ ၆ ရွာခန့်က ဒေသခံ ၃,၀၀၀ ကျော်ဟာ တောင်ငူနဲ့ ဇရပ်ကြီးမြို့အပါအဝင် အနီးအနားဘေးလွတ်ရာရွာတွေမှာ တိမ်းရှောင်နေကြရပြီး သြဂုတ် ၁၆ ရက်ဒီနေ့အထိ ရွာကိုမပြန်ကြသေးဘူးလို့ အထက်ပါဒေသခံက ပြောပါတယ်။ 

အဲ့ဒီကျေးရွာတွေဟာ ထန်းတပင်မြို့နယ်အရှေ့ဘက်ခြမ်းကကျေးရွာတွေဖြစ်ကာ စစ်ကောင်စီတပ်သားတွေရဲ့ မြေပြင်လှုပ်ရှားမှုမရှိတဲ့ဒေသလို့ သိရပါတယ်။  

ပြီးခဲ့တဲ့ ဩဂုတ် ၉ ရက်ကလည်း ထန်းတပင်မြို့နယ်၊ ကင်မွန်းခြုံကျေးရွာအနီးနဲ့ ခလရ ၇၃ အနီးမှာ တိုက်ပွဲတွေဖြစ်ခဲ့လို့ ကင်မွန်းခြုံ၊ ဒိုးတန်း၊ ရွှေပုဂံ၊ ပုဂံကွဲ၊ ဒါးဒေါက်ရွာ အပါအဝင် နီးစပ်ရာ ကျေးရွာတွေက ဒေသခံ ၄,၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသေးတယ်။ 

ပုံစာ - ထန်းတပင်နယ်က စစ်ရှောင်များ။ (ပုံဟောင်း)

စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူး #ထန်းတပင် #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #စစ်ရှောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10