ထန်းတပင်မှာ နေရပ်ပြန်သူတွေကို စစ်အုပ်စုက စစ်ဆေးမေးမြန်းမှုမရှိ ပစ်ခတ်နေလို့ ဒေသခံတွေနေရပ်မပြန်ရဲသေး

ထန်းတပင်မှာ နေရပ်ပြန်သူတွေကို စစ်အုပ်စုက စစ်ဆေးမေးမြန်းမှုမရှိ ပစ်ခတ်နေလို့ ဒေသခံတွေနေရပ်မပြန်ရဲသေး

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ကင်မွန်းခြုံကျေးရွာအုပ်စုထဲက ကျေးရွာတွေထဲကို စစ်ကောင်စီတပ်သားတွေက မကြာခဏဝင်ရောက်စစ်ဆေးကာ ပစ်ခတ်မှုတွေလုပ်နေလို့ ရွာကထွက်ပြေးနေရတဲ့ဒေသခံတွေ ရွာကိုပြန်မဝင်ရဲကြသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဒေသခံတွေဟာ နေအိမ်ကိုပြန်တာ၊ ကျန်ခဲ့တဲ့ပစ္စည်းတချို့ ပြန်ယူတဲ့အချိန်မျိုးတွေမှာ စစ်ကောင်စီတပ်သားတွေက မေးမြန်းတာမရှိဘဲ လိုက်လံပစ်ခတ်နေတဲ့အတွက် ရွာထဲကိုမပြန်ရဲကြသေးတာလို့ ဆိုပါတယ်။ 

"ရွာထဲ လူဝင်လာတာနဲ့ ပစ်တာ အစစ်ဆေးအမေးမြန်းမရှိဘဲ။ အဲ့တော့ အခုထိ ဘယ်သူမှမပြန်ရဲကြသေးဘူး။” လို့ ကင်မွန်းခြုံရွာခံ အမျိုးသမီးတဦးက ပြောပါတယ်. 

ကင်းမွန်ခြုံကျေးရွာအုပ်စုထဲက ကင်မွန်းခြုံ၊ ဒိုးတန်း၊ ရွှေပုဂံ၊ ပုဂံကွဲ၊ ဒါးဒေါက်အပါအဝင် အနီးအနား ကျေးရွာတွေက ဒေသခံ ၄၀၀၀ ကျော်ဟာ ကင်မွန်းခြုံရွာအနီးတိုက်ပွဲဖြစ်ခဲ့တဲ့ သြဂုတ် ၉ ရက်က စတင်ပြီး နေရပ်ကနေ ထွက်ပြေးနေကြရတာပါ။ 

ခုလိုတိမ်းရှောင်နေချိန် အထက်ပါကျေးရွာတွေထဲက နေအိမ် ၁၀၀ ကျော် ဖောက်ထွင်းခံထားရပြီး အိမ်အတွင်းရှိ စားသောက်ကုန်၊ အဝတ်အထည်တွေနဲ့ ပစ္စည်းတွေလည်းပျောက်ဆုံးနေကြောင်း နေအိမ်ပြန်ကြည့်လာသူတွေရဲ့ ပြောပြချက်အရ သိရတယ်လို့ အထက်ပါအမျိုးသမီးက ဆက်ပြောပါတယ်။ 

 “ရွာမှာလူတွေမရှိတော့ အိမ်တွေအားလုံးနီးပါးလည်း ဖောက်ထွင်းခံထားရတယ်။ တရွာလုံးနီးပါးပဲ။ အိမ်တွေကို ဘယ်သူဖောက်လဲဆိုတာ မမြင်ရတော့ပြောရခက်တယ်။"လို့ ပြောပါတယ်။ 

ဒါ့အပြင် ကျေးရွာလမ်းတွေနဲ့ နေအိမ်တွေကြားမှာလည်း မိုင်းတွေထောင်ထားတယ်ဆိုပြီး သတင်းတွေကြားရတယ်လို့ ဆိုပါတယ်။ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ ဇရပ်ကြီးမြို့ပေါ်၊ တောင်ငူမြို့ပေါ်တွေနဲ့ဘေးလွတ်ရာ ကျေးရွာတွေမှာ ဒီကနေ့အထိ နေထိုင်နေကြရတာပါ။ 

ကင်မွန်းခြုံကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ ခလရ ၇၃ တပ်ရင်းလည်းရှိပြီး အဲ့ဒီကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ဩဂုတ် ၉ ရက်ကနေ ၁၁ ရက်အတွင်း ကင်မွန်းခြုံရွာက အမျိုးသမီးတွေ အပါအဝင် ဒေသခံ ၅ ဦးသေဆုံးထားပြီး ၇ ဦးခန့်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။ 

ဒါ့အပြင် ဩဂုတ် ၂၅ ရက်မှာလည်း စစ်ရှောင်နေရာကနေ ဒိုးတန်းကျေးရွာထဲနေအိမ်ပြန်ကြည့်တဲ့ အမျိုးသမီးတဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ပါသေးတယ်။ 

ပုံစာ - တောင်ငူမြို့ပေါ်စစ်ဘေးရှောင်စခန်းတွေမှာ စစ်ရှောင်နေရသည့် ထန်းတပင်မြို့နယ်အတွင်းမှ စစ်ဘေးရှောင်များ။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ထန်းတပင် #ကင်မွန်းခြုံကျေးရွာ #စစ်ကောင်စီ #ပစ်ခတ် #စစ်ရှောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10