ထန်းတပင်မှာ ပြည်သူ ၂ ဦး နင်းမိုင်းထိလို့ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

ထန်းတပင်မှာ ပြည်သူ ၂ ဦး နင်းမိုင်းထိလို့ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တောင်ငူ-မုပ္ပလင်လမ်းပိုင်း၊ သရက်တန်းရွာတောင်ဘက်ထိပ်မှာ ပြည်သူ ၂ ဦး နင်းမိုင်းထိပြီး ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၁၇ ရက် မွန်းလွဲ ၁ နာရီခန့်မှာ တောင်ငူဘက်ကနေ ထန်းတပင်မြို့နယ်၊ မဲဖလံရွာဘက်ကို ဆိုင်ကယ်နဲ့ပြန်လာတဲ့ မဲဖလံရွာသား အသက် ၆၀ အရွယ် ဦးတင်ဆန်းနဲ့ အသက် ၅၈ နှစ်အရွယ် ဦးသန်းထွန်းတို့ မိုင်းထိခဲ့တာ ဖြစ်ပါတယ်။ 

"အဲ့လမ်းပိုင်းမှာက တပ်ကအဖွဲ့တွေရော ကာကွယ်ရေးတွေဘက်ကရော လမ်းတွေပိတ်ပြီး မိုင်းထောင် ထားတာရှိတယ်။ သူတို့ဖြစ်တဲ့နေရာက မိန်းလမ်းမပေါ်သစ်ပင်လှဲထားတာကို အောက်ကနေ ပတ်သွားတဲ့အချိန် ထိသွားတာ။ သွားစရာလမ်းတွေရှိပေမယ့် ကံဆိုးချင်တော့ မိုင်းရှိတဲ့နေရာကိုမှ ဖြတ်သွားမိတာ"လို့ ဒေသခံတဦး က ပြောပါတယ်။

မိုင်းထိလို့ ဦးတင်ဆန်းမှာ နေရာမှာဘဲ သေဆုံးသွားပြီး ဦးသန်းထွန်းကတော့ ဒဏ်ရာရသွားလို့ မဲဖလံရွာဘက်ကိုပဲ ဒေသခံတွေက ပြန်သယ်သွားကြတယ်လို့ သိရပါတယ်။

မိုင်းထိခဲ့တဲ့ ပြည်သူ ၂ ဦးဟာ နိုင်ငံရေးနဲ့ တိုက်ပွဲအခြေအနေတွေကြောင့် မဲဖလံကျေးရွာကနေ တောင်ငူဘက်ကို တိမ်းရှောင်နေထိုင်နေသူတွေဖြစ်ပြီး မဲဖလံကျေးရွာကို ယာယီပြန်လာချိန်မှာ အခုလိုမိုင်းထိခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြည်သူ ၂ ဦး မိုင်းထိခဲ့တဲ့နေရာဟာ ဘယ်အဖွဲ့အစည်းက ထောင်ထားတဲ့ မိုင်းဖြစ်တယ်ဆိုတာ မသိရသေးပါဘူး။

ဇွန် ၁၄ ရက်ညပိုင်းကလည်း ထန်းတပင်မြို့နယ်၊ တောကုန်းရွာရှိ KNU ထိုလွီဝါးအထက်တန်းကျောင်းဘက်ကို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်လို့ ကျောင်းသူ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။ 

 စာတည်း - လင်းဇေ

#မြေလတ်အသံ
#ထန်းတပင် #မဲဖလံရွာ #ပြည်သူ #မိုင်းနင်း

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10