ထန်းတပင်၊ လှည်းလမ်းကူးတိုက်ပွဲ စစ်တပ်က ၁၅ ဦးသေဆုံး၊ လေကြောင်းနဲ့  ၂ ကြိမ် ပစ်ကူရ

ထန်းတပင်၊ လှည်းလမ်းကူးတိုက်ပွဲ စစ်တပ်က ၁၅ ဦးသေဆုံး၊ လေကြောင်းနဲ့  ၂ ကြိမ် ပစ်ကူရ

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ လှည်းလမ်းကူးကျေးရွာမှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၁၅ ဦးသေဆုံးခဲ့တာကြောင့် လေကြောင်းမှ ၂ ကြိမ်တိုင်တိုင်လာရောက်ပြီး ပစ်ကူပေးခဲ့ရတယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေဆီကတဆင့် သိရပါတယ်။

 

ဇူလိုင် ၆ရက် မနက် ၄ နာရီက စစ်ကောင်စီရဲ့ ကမ်းရိုးတန်းတိုင်းလက်အောက်ခံတပ် လက်မောင်းတံဆိပ်ဝတ်ဆင်ထားတဲ့ အင်အား ၅၀ ပါ စစ်ကြောင်းဟာ လှည်းလမ်းကူးကျေးရွာထဲကို ရုတ်တရက်ဝင်ရောက်လာခဲ့ပြီး ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့  ထိတွေ့မှုစတင်ခဲ့ကာ ညနေ ၅နာရီမှ တိုက်ပွဲရပ်ခဲ့တယ်လို့ ဆိုပါတယ်။

 

“သူတို့က ပစ်ဝင်တဲ့အခါ ကျနော်တို့ဘက်က နည်းနည်းဆုတ်ပေးလိုက်တယ်။ ပြီးတော့မှ ထိတွေ့မှုဖြစ်ကြတာ။ သူတို့ကို ပြန်ဝိုင်းတယ်။ (သူတို့)ဆုတ်လမ်းမရှိတဲ့ အချိန်ကျတော့ လေယာဉ်ပစ်ကူနဲ့ လာပစ်တယ်။ လေယာဉ်ပေါ်ကနေ ကျနော်တို့ဘက်ကို အများကြီးပစ်တယ်၊ အဓိက သူတို့လူတွေ အထိနာတယ်။ ပိတ်မိသွားတဲ့အတွက် လေယာဉ်ပစ်ကူခေါ်ပြီး ပြန်ဆုတ်သွားတာ”လို့ မြေပြင်ရဲဘော်တဦးက ပြောပါတယ်။

 

စစ်ကောင်စီဘက်က ပိတ်မိနေတဲ့ စစ်သားတွေ၊ ဒဏ်ရာရသူတွေ၊ သေဆုံးသူတွေကို ကယ်ထုတ်ဖို့ ရေဟတ်ယာဉ်နဲ့ နေ့လယ် ၁၁နာရီမှာ တကြိမ်၊ မွန်းလွဲ  ၂ နာရီမှာ တကြိမ် လှည့်ပတ်ခတ်ပြီး လမ်းကြောင်းဖောက်ကာ ကျေးရွာထဲက ပြန်ဆုတ်သွားကြတယ်လို့ ဆိုပါတယ်။

 

“‌ထွက်ပြေးဆုတ်ခွာတဲ့အချိန် နောက်ကလိုက်ပစ်တော့ သူတို့ဒဏ်ရာရနဲ့ အလောင်းတွေကို ပြန်သယ်သွားတာတွေတော့ တွေ့ရတယ်။ အဓိက ထိခိုက်သေဆုံးများတဲ့ဟာတွေကို နေ့လယ် လေယာဉ်ပတ်တဲ့အချိန်မှာပဲ သယ်ထုတ်သွားတာ" လို့ ပူးပေါင်းတပ်ဖွဲ့ ရဲဘော်တဦးက ပြောပါတယ်။

 

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၅ ဦးကျော်သေဆုံးတယ်လို့ ကနဦးသိထားရပြီး စာရင်းအတိအကျကတော့ စုံစမ်းနေဆဲဖြစ်ကာ သေဆုံးအလောင်းတွေကို တိုင်းဗဟို ၆ ကို ဖောကားနဲ့သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

 

ရဲဘော်တွေဘက်ကလည်း ကျည်ဆန်ထိမှန်လို့  ရိုးမစစ်ကြောင်း ၂ ၊ တပ်ခွဲ ၃ က ရဲဘော်နန်းဝေဦး အသက် ၃၇ နှစ် ကျဆုံးခဲ့ပြီး PDF ရဲဘော်တဦး၊ KNLA ရဲဘော် ၂ဦးတို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

 

ဇူလိုင် ၃ရက်ကလည်း မုန်း-ဇရပ်ကြီးကားလမ်းမှာ တရက်တည်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီ ဘက်က ၁၂ ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

 

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#ပဲခူးတိုင်း #ထန်းတပင်မြို့နယ် #လှည်းလမ်းကူးကျေးရွာ #စစ်တပ် #သေဆုံး #လေကြောင်း #မုန်းမြို့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10