ထန်းပင်တွေ ရှားပါးလာလို့ ထန်းခေါက်ဖာရက်လုပ်သူတွေ အခက်ကြုံတွေ့နေ

ထန်းပင်တွေ ရှားပါးလာလို့ ထန်းခေါက်ဖာရက်လုပ်သူတွေ အခက်ကြုံတွေ့နေ

ထန်းပင်ပေါများလှတဲ့ အညာမှာ အရင်လို ထန်းတောတွေ ဝေဝေဆာဆာ မရှိတော့တာကြောင့် ထန်းလက်ကို မှီခိုပြီး စားဝတ်နေရေး ဖြေရှင်းနေရတဲ့ ထန်းခေါက်တောင်း ရက်လုပ်သူတွေ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးရန်တွေကို ကာကွယ်ဖို့ ဗုံးခိုကျင်းတွေ ပြုလုပ်တဲ့အခါမှာ ထန်းပင် ပင်စည်ကို အကာအကွယ်အနေနဲ့ အသုံးပြုကြသလို စစ်ရှောင်တဲတွေ ဆောက်လုပ်ရာမှာလည်း အမိုးအကာအနေနဲ့ ထန်းလက်ကိုသာ အဓိက အားထားနေကြရတဲ့အတွက် အခုလို ထန်းပင်၊ ထန်းလက်တွေ ရှားပါးလာတာလို့ သိရပါတယ်။

ဒါ့အပြင် နေအိမ်တွေ ဆောက်လုပ်ချိန် ထန်းပင် ပင်စည်ကို အိမ်တိုင်အဖြစ် အသုံးပြုတာ၊ လယ်ယာမြေ ချဲ့ထွင်ချိန် ထန်းပင်တွေကို ခုတ်လှဲတာ၊ အုတ်ဖုတ်တဲ့ လုပ်ငန်းတွေမှာ ထန်းပင်ကို ထင်းမီးအဖြစ် အသုံးပြုတာ စတာတွေကြောင့် ထန်းပင်တွေ လျော့နည်းလာတယ်လို့ ယင်းမာပင်မြို့နယ်အတွင်းက ထန်းခေါက်ဖာလုပ်ငန်းကို အနှစ် ၂၀ ကျော် လုပ်ကိုင် ခဲ့တဲ့အမျိုးသမီးတဦးက ပြောပါတယ်။ 

အညာဒေသမှာ ထန်းပင်တွေကို အိမ်ဆောက်တဲ့နေရာတွေမှာ အသုံးပြုလေ့ရှိပြီး အခုနောက်ပိုင်း နေအိမ် မီးရှို့ခံရလို့ စစ်ရှောင်တဲနဲ့ နေအိမ်ပြန်ဆောက်ရတာတွေ ပိုမိုများပြားလာတာကြောင့် ထန်းပင်တွေဟာ တဖြည်းဖြည်း လျော့နည်းလာတယ်လို့ ဆိုပါတယ်။

ထန်းပင်တွေလျော့နည်းလာလို့ ထန်းလက်ရရှိမှုခက်ခဲတာမျိုးရှိသလို စစ်ကောင်စီတပ်ဖွဲ့တွေ အထိုင်ချထားတဲ့ ကျေးရွာတွေ၊ တပ်စခန်းတွေအနီးက ထန်းပင်တွေကိုလည်း အသုံးမပြုရဲကြတာကြောင့် ထန်းခေါက်ဖာလုပ်ငန်းအတွက် ကုန်ကြမ်းရှားလာတယ်လို့ ထန်းခေါက်ဖာလုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီးက ပြောပါတယ်။

"ဒီမှာက ထန်းပင်တွေ အရင်ကလောက် မရှိတော့ဘူး၊ လူဦးရေတိုးလာကြတော့ လူနေအိမ်တွေ ပိုပြီးလိုအပ်လာတယ်၊ ကုန်ဈေးနှုန်းကလည်း မြင့်နေတော့ ထန်းပင်တွေပဲ ခုတ်ပြီး အိမ်ဆောက်နေကြတာများတယ်။ အဲ့ထက်ဆိုးတာက အုတ်ထင်းခုတ်ရောင်းကြတာပဲ၊ ထန်းလက်ခုံတွေက မှာတဲ့သူလည်းရှိတယ်၊ အများအားဖြင့်တော့ ဆိုင်ကယ်ပေါ်တင်ပြီး ရွာစဉ်လှည့်ရောင်းရတာပဲ၊ ဆိုင်ကယ်ဆီဈေးနဲ့တင် အမြတ်က သိပ်မကျန်တော့ဘူး" လို့ ယင်းမာပင်မြို့နယ်အတွင်းက ထန်းလက်ကုလားထိုင်လုပ်ငန်းနဲ့ ရပ်တည်နေရသူတဦးက ပြောပါတယ်။

ကုန်ဈေးနှုန်းတက်လာတာနဲ့အမျှ ဝင်ငွေပိုရတဲ့ အလုပ်တွေကို ပြောင်းလဲလုပ်ကိုင်လာကြတာကြောင့် ထန်းတက်သမားလည်း ရှားပါးလာပါတယ်။ ထန်းလက်ခုတ်ယူရင်လည်း ရွာနဲ့ဝေးတဲ့နေရာတွေကနေ သွားရောက်သယ်ယူရတာကြောင့် အလုပ်သမားခနဲ့ သယ်ယူစရိတ် ပိုကုန်ကျမှုရှိလာတယ်လို့ ထန်းလက်လုပ်ငန်း လုပ်ကိုင်သူတွေက ဆိုပါတယ်။

တောင်းရက်လုပ်ချိန်မှာလည်း ထန်းလက်ကနေ ထန်းလျှော်ပြားတွေရဖို့ အချိန် ၁ ရက်ပေးပြီး တောင်း ၁ လုံးပြီးစီးဖို့ကို ၃ ရက်ခန့် အချိန်ပေးရတယ်လို့ ဆိုပါတယ်။ 

တောင်းရက်လုပ်သူ ၂ ဦးရှိတဲ့ အိမ်မှာဆိုရင် ၃ ရက်အတွင်းကို ထန်းခေါက်တောင်း ၁၀ လုံးခန့် ပြီးတယ်လို့ သိရ ပါတယ်။ 

ယင်းမာပင်ခရိုင်အတွင်းက ကျေးရွာတွေမှာ ထန်းခေါက်တောင်း၊ ထန်းခေါက်ဖာတွေကို ရက်လုပ်ကြပြီး ကျေးရွာတရွာမှာ ထန်းခေါက်ဖာ၊ ထန်းခေါက်တောင်းရက်လုပ်တဲ့အိမ်ဟာ ၅ အိမ်ထက်မနည်းရှိတယ်လို့ သိရပါတယ်။

ထန်းခေါက်တောင်းတွေကို နွားချေးသယ်တာ၊ ကြက်သွန်ပျိုးပင်ထည့်တာ၊ သီးနှံကောက်တာ၊ စပါးထည့်တာ၊ ကွမ်းခြံတွေမှာ မြေဆွေးထည့်တာ စတဲ့နေရာတွေမှာ အသုံးပြုပြီး တောင်းအရွယ်အစားဟာ အမြင့် ၆ လက်မ ကနေ ၁ ပေခွဲထိရှိတယ်လို့ ဆိုပါတယ်။ 

ထန်းလျှော် ၁၀၀ ကို တောင်းအကြီး ၆ လုံးခန့် ရက်လုပ်နိုင်ပြီး တောင်း ၁ လုံးကို ကျပ် ၅,၀၀၀ ဈေးရကာ ၆ လုံး ရောင်းမှ ကျပ် ၂၀,၀၀၀ ခန့်သာ အမြတ်ကျန်တာကြောင့် စားဝတ်နေရေးအတွက် လုံလောက်မှုမရှိဘူးလို့ ဆိုပါ တယ်။

အာဏာမသိမ်းခင်က ထန်းခေါက်ဖာ ရက်လုပ်တဲ့ လုပ်ငန်းတခုနဲ့တင် မိသားစုစားဝတ်နေရေး ဖြေရှင်းနိုင်သလို သားသမီးတွေကိုပါ ကျောင်းထားပေးနိုင်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ ကလေးတွေကို ကျောင်းထုတ်လိုက်ရတဲ့ထိ ဝင်ငွေကြပ်တည်းလာတယ်လို့ ထန်းခေါက်ဖာလုပ်ငန်းကို အနှစ် ၂၀ကျော် လုပ်ကိုင်နေတဲ့ အမျိုးသမီးက ရှင်းပြပါတယ်။ 

ထန်းလက်ကို ထန်းခေါက်ဖာ၊ ထန်းခေါက်တောင်းတွေအပြင် ထန်းလက်ကုလားထိုင် ပြုလုပ်ရာမှာလည်း အသုံးပြုကြပြီး ကုလားထိုင်ခုံပြုလုပ်သူ မိသားစုတွေမှာလည်း အလားတူ အခက်အခဲတွေနဲ့ ကြုံတွေ့နေ ရပါတယ်။

သတင်း - ကျော်စွာ၊ စာတည်း - ချယ်ရီ 

#မြေလတ်အသံ

#ထန်းပင် #ထန်းတော #ထန်းလက် #သဘာဝပတ်ဝန်းကျင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10