ထန်းရည်သောက်နေတဲ့ ပျူစောထီး ၃ ဦးပစ်ခတ်ရှင်းလင်းခံရပြီး သေနတ် ၃ လက်ရရှိ

ထန်းရည်သောက်နေတဲ့ ပျူစောထီး ၃ ဦးပစ်ခတ်ရှင်းလင်းခံရပြီး သေနတ် ၃ လက်ရရှိ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တင်းဂတ်ကျေးရွာအနီးက ထန်းရည်ဆိုင်မှာ ထန်းရည်သောက်နေတဲ့ ပျူစောထီး ၃ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Special Guerrilla Force-Pakokku တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မတ်လ ၁၅ ရက်နေ့ နေ့လည် ၂ နာရီလောက်က ပခုက္ကူ ကွန်ပျူတာတက္ကသိုလ်နဲ့ တင်းဂတ်ရွာအကြား ပျူစောထီးတွေ အထိုင်ချတဲ့ဂိတ်အနီးမှာရှိတဲ့ ထန်းရည်ဆိုင်မှာ ပျူစောထီး ၃ ဦး ထန်းရည်သောက်နေတဲ့ သတင်းရရှိလို့ ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ၃ ဦးလုံး ပွဲချင်းပြီးသေဆုံးတယ်လို့ တပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

“ပျူဂိတ်နဲ့ မလှမ်းမကမ်း ထန်းရည်ဆိုင်မှာ ထိုင်နေတယ်သတင်းရလို့ ဝင်ပစ်ခဲ့တာဗျ။ ပစ္စတိုကိုင်တဲ့တယောက်က တင်းဂတ်ရွာ စကစခန့်အုပ်ကြီး ပျူ မြင့်ကြည်ရဲ့တူလို့ သိရတယ်" လို့ ပြောပါတယ်။

ပစ်ခတ်ခံရသူတွေဟာ တင်းဂတ်ရွာက ပျူစောထီးအဖွဲ့ဝင်တွေဖြစ်တဲ့ လင်းထိုက်၊ ဝင်းလှိုင်ဌေး၊ ကျော်စိုးဦး တို့ ၃ ဦးဖြစ်ပြီး သူတို့ကိုဆီကနေ စစ်ကောင်စီကထုတ်ပေးထားတဲ့ ကာဘိုင် ၁ လက်၊ MA 1 ၁ လက်၊ ပစ္စတို ၁ လက်နဲ့ ၅.၅၆ မမ ကျည်အတောင့် ၆၀တို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တင်းဂတ်ရွာဟာ ယခင်က စစ်ကောင်စီလက်အောက် ပျူစောထီးတွေမရှိပေမယ့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလလောက်ကစပြီး ပခုက္ကူ တပ်မ ၁၀၁ က စစ်ကောင်စီတပ်တွေ ဝင်ရောက်ကာ တအိမ်ကို ၂ ယောက်နှုန်းနဲ့ ပျူစောထီးသင်တန်း မတက်မနေရ တက်ခိုင်းခဲ့ပြီးတဲ့နောက် စစ်ကောင်စီလက်အောက် ပျူစောထီးတွေ ပေါ်ပေါက်လာတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း ရွှေချောင်းတံတားထိပ်မှာရှိတဲ့ ပြည်သာယာခန်းမထဲက စစ်ကောင်စီတပ်ဖွဲ့ကို ဝင်ရောက်ပစ်ခတ်ခဲ့လို့ ၆ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10