ထိတွေ့တိုက်ပွဲဖြစ်ပြီး ဘီလူးစစ်ကြောင်းက အရာရှိအဆင့်အပါ ၂၀ ဝန်းကျင်သေဆုံးဟုဆို

ထိတွေ့တိုက်ပွဲဖြစ်ပြီး ဘီလူးစစ်ကြောင်းက အရာရှိအဆင့်အပါ ၂၀ ဝန်းကျင်သေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုရွာနဲ့သရက်သာရွာကြားမှာ စစ်ကောင်စီရဲ့ ဘီလူးစစ်ကြောင်းနဲ့ နယ်မြေခံကာကွယ်ရေးအဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိအဆင့်အပါ ၂၀ ဝန်းကျင်ခန့် သေဆုံးခဲ့တယ်လို့ 27 Revolution Force အဖွဲ့ တာဝန်ခံတဦးက ပြောပါတယ်။

မတ်လ ၂၁ ရက်နေ့ နေ့လည်ပိုင်းကစလို့ ညနေထိတိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေပိုင်းဖြစ်တဲ့ပွဲမှာ စစ်ကောင်စီဘက်က အထိနာပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။


“နောက်ဆုံးပိတ် သူတို့အထိခိုက်များလို့ ဘယ်လောက်ထိလုပ်ရလဲဆို‌တော့ အမှိုက်တွေမီးရှို့ပြီး မီးခိုးမှိုင်းတွေတိုက်ပြီးတော့ ဆုတ်ပြေးရတဲ့အဆင့်ထိ ဖြစ်သွားတာ၊ စစ်ကြောင်းမှူးကိုယ်တိုင် သေတယ်။ သူ့အောက်က ဗိုလ်အဆင့်ရှိတဲ့သူလည်း သေတယ်လို့ သိရတယ်” လို့ 27 Revolution Force အဖွဲ့ တာဝန်ခံတဦးက ပြောပါတယ်။

စစ်ကြောင်းမှူးအပါအဝင် ၁၉ ယောက် ကျတယ်လို့ အတည်ပြုထားနိုင်ပြီး တပ်သားအလောင်းတွေကိုတော့ မီးရှို့ထားခဲ့ပြီး တပ်ကြပ်ကြီးမြင့်ကျော်ရဲ့အလောင်းကိုတော့ သရက်သာရွာရဲ့ စာသင်ကျောင်းထဲမှာ မြှုပ်ထားခဲ့လို့ ကာကွယ်ရေးအဖွဲ့တွေက ပြန်တူးဖော်ပြီး မီးရှို့ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အရာရှိအဆင့်ရှိသူရဲ့အလောင်းကိုတော့ အအေးခေါင်းနဲ့ထည့်ထားပြီး ဒီကနေ့မနက် ၃ နာရီလောက်က အအေးခေါင်းထဲကနေထုတ်ကာ ထမ်းစင်နဲ့ သေချာထုပ်ပိုးပြီး လူ ၄ ယောက်ထမ်းကာ ချောင်းဦးဘက်ကို သယ်သွားတယ်လို့ ‌သိရပါတယ်။

“ဘယ်လိုရှာရလဲတော့မသိဘူး။ အအေးခေါင်းနဲ့ထည့်ထားတယ်။ တပ်ကြပ်ကြီးအဆင့်‌တောင် ပြီးစလွယ်မြှုပ်ပြီးထားခဲ့သေးတာ။ သေချာထုပ်ပိုးပြီး သယ်သွားတဲ့ဟာက လူကြီးပိုင်းထဲကဆိုတာတော့ သေချာတယ်။ သေသေချာချာထုတ်ပိုးပြီးတော့ စင်နဲ့ကြိုးတွေနဲ့ အကုန်ပတ်ချည်ပြီး ထမ်းသွားကြတယ်။ အစက ဗျူဟာမှူးနဲ့ စစ်ကြောင်းမှူး ၂ ခုထဲက တခုကျတယ်ဆိုတာတော့ သိတယ်။ ဒါပေမယ့် တိတိကျကျမသိဘူး။ ခုက အများဆုံးအတည်ပြုနိုင်တာကတော့ စစ်ကြောင်းမှူးလို့ အတည်ပြုကြတယ်” လို့ CDSOM အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဘီလူးစစ်ကြောင်းမှာ ဒုဗိုလ်မှူးကြီး ထွန်းလင်းအောင်၊ ဗိုလ်ကြီးအောင်ဟိန်းဦး၊ ဒုအရခ ဇော်နိုင်၊ တပ်ကြပ်ကြီး ဇော်ဆက်ဝင်း၊ တပ်ကြပ်ကြီးမြင့်ကျော်၊ တပ်ကြပ်စိုးလှိုင်၊ တပ်ကြပ်ကြီးမောင်နိုင်၊ တပ်ကြပ်ထွန်းဇော်မျိုး၊ တပ်ကြပ်သိန်းထွန်း၊ ဒုတပ်ကြပ်ရဲရင့်ပိုင်၊ ဒုတပ်ကြပ်သီဟစိုး ဆိုသူတို့ပါဝင်တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း-၁၊ တပ်ရင်း-‌၂၊ မန္တလေးခရိုင် တပ်ရင်း-၃၊ 27 Revolution Force၊ Shwe-Ao Revolution Force CDSOM၊ CDSOMတောင်ပိုင်း ဗိုလ်ကျားသစ်အဖွဲ့၊ Justice Revolution Force CDSOM၊ အောင်မြေကိုးလုံး၊ MS9 Brothers ပြောက်ကျား၊ ဝရဇိန်လက်နက်ထုတ်ရေးအဖွဲ့နဲ့ အခြားမဟာမိတ်တပ်ဖွဲ့အများအပြားနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ စစ်ကြောင်းမှူးပါဝင်တယ်ဆိုတဲ့ အချက်ကိုတော့ မြေလတ်အသံအနေနဲ့ စုံစမ်းနေဆဲသာ ဖြစ်ပါတယ်။
စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10