ထီးချိုင့်ကို နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်နေပြီး ဓါတုလက်နက်သုံးဗုံးကြဲဟုဆို၊ ရဲဘော်တချို့ အဆိပ်သင့်လို့ ဆေးကုနေရ

ထီးချိုင့်ကို နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်နေပြီး ဓါတုလက်နက်သုံးဗုံးကြဲဟုဆို၊ ရဲဘော်တချို့ အဆိပ်သင့်လို့ ဆေးကုနေရ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းကနေ နေ့စဉ်တိုက်ခိုက်နေပြီး ဗုံးကြဲတိုက်ခိုက်ရာမှာ ဓါတုလက်နက်ဗုံးတွေလည်းပါဝင်နေကာ အဲဒီဒဏ်ကြောင့်တော်လှန်ရေးရဲဘော်တချို့ အဆိပ်သင့်တာတွေဖြစ်ခဲ့တယ်လို့ ABSDF စစ်ကြောင်း ၁ သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီခန့်က မြစ်ကြီးနားဘက်ကနေလာတဲ့ တိုက်လေယာဉ် ၂ စီးကနေ ထီးချိုင့်မြို့၊ ဖက်တောင်စွဲ၊ ကျောက်စေတီတောင်ခြေတွေဘက်ကို ပေါင် ၅၀၀ ဗုံးကြဲချတဲ့အပြင် လေယာဥ်ပေါ်ကနေ စက်သေနတ်နဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တယ်လို့ စစ်ကြောင်း ၁ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

"မူးဝေအော့အန်တာက KIA ကရဲဘော်တွေကော တခြား စစ်ဒေသ ၁ က လက်အောက်ခံတွေကော PDF တွေပါ အကုန်ဖြစ်ကြတယ်။ သူတို့ကို ဆေးကုသပေးနေတယ်" လို့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ထီးချိုင့်မြို့နယ်ကို စစ်ကောင်စီဘက်က မကြာခဏဆိုသလို လေကြောင်းကနေ ဗုံးကြဲတာ၊ မြေပြင်မှာ ကြီးကြီးမားမားမီးရှို့ဖျက်ဆီးတာတွေရှိနေပြီး မြို့ပေါ်မှာ ပြည်သူလူထုနေထိုင်တာ မရှိတော့ဘူးလို့ ဆိုပါတယ်။ 

ထီးချိုင့်မြို့နယ်မှာ တော်လှန်ရေးအင်အားစုတွေက နယ်မြေတဝက်ကို စိုးမိုးထားပြီး စစ်ကောင်စီကလည်း အထက၊ မြသိန်းတန်တောင်ရိုး၊ ကျောက်စေတီတောင်ရိုးတို့မှာ အင်အား ၁၅၀ ခန့်ရှိတယ် လို့ သိရပါတယ်။ 

"ထီးချိုင့်မှာ ကျနော်တို့တော်လှန်ရေးအင်အားစုတွေဘက်က ငါးဆယ်ရာခိုင်နှုန်း စိုးမိုးထားတယ်။ စစ်ကောင်စီဘက်က တပ်စွဲထားတာတွေလည်း ရှိတယ်။ အရှေ့ဘက်ကမ်းမှာ နီကယ်နဲ့ ထူးဆိပ်ကမ်းတွေမှာရှိတယ်" လို့ တာဝန်ခံကဆိုပါတယ်။

ထီးချိုင့်မြို့နဲ့ တဖက်ကမ်းက မြတောင်ကျေးရွာတွေကို စစ်တပ်က နေ့စဥ်လေယာဥ်နဲ့ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် ထီးချိုင့်မြို့ဟာ မြို့လုံးကျွတ်ပျက်စီးသွားပြီး မြတောင်ကျေးရွာဟာလည်း တရွာလုံးနီးပါး ပျက်စီးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ၃၀ရက်မှာ နောက်တကြိမ်ပြန်လည်စတင်ခဲ့ကာ မြတောင်ရွာတပ်စွဲထားတဲ့နေရာကို ဒီဇင်ဘာ ၁၀ ရက်က ဘန်ကာဖြိုကာသိမ်းယူနိုင်ခဲ့ပေမယ့် ဒီဇင်ဘာ ၁၁ ရက်ညနေပိုင်းမှာ တကောင်းမြို့ဘက်ကနေ စစ်တပ်အင်အား ၁၆၀ လောက်နဲ့ ပြန်လည်သိမ်းယူသွားခဲ့တယ်လို့ ဆိုပါတယ်။

" ရိက္ခာဖြတ်တောက်ကြဖို့ ကြိုးစားပေမဲ့ တမြို့လုံးကရိက္ခာတွေကို သူတို့(စစ်ကောင်စီ)က သယ်ထားပြီးသား ဖြစ်နေတယ်။ မြတောင် ဘန်ကာကို သိမ်းနိုင်တုန်းကဆိုရင် မုန့်ခြောက်၊ ကော်ဖီ၊ လက်ဖက်ရည်အစုံ ဘန်ကာအနောက်မှာ တောင်လိုပုံနေတာပဲ"လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်ကပြောပါတယ်။

ဒီတကျော့ပြန်တိုက်ပွဲမှာ ဒဏ်ရာပြင်းထန်ရခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီလေကြောင်းတိုက်ခိုက်တာ မီးရှို့တာနဲ့ တိုက်ပွဲတွေကြောင့် ပျက်စီးသွားတဲ့ ထီးချိုင့်မြို့။

#မြေလတ်အသံ 

#စစ်ကိုင်းတိုင်း #ထီးချိုင့် #လေကြောင်းတိုက်ခိုက်မှု #ဓါတုလက်နက် #အဆိပ်သင့် #နယ်မြေစိုးမိုးမှု #တော်လှန်ရေးအင်အားစု #KIA #ABSDF #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10