ထီးချိုင့်တိုက်ပွဲမှာ ဒဏ်ရာရသူတွေကို စစ်ကောင်စီက သင်္ဘောနဲ့သယ်၊ ဒေသခံတချို့ ဓားစာခံအဖြစ်အဖမ်းခံရ

ထီးချိုင့်တိုက်ပွဲမှာ ဒဏ်ရာရသူတွေကို စစ်ကောင်စီက သင်္ဘောနဲ့သယ်၊ ဒေသခံတချို့ ဓားစာခံအဖြစ်အဖမ်းခံရ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကွင်းကြီးကျေးရွာအနီးက တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဆေးကုဖို့ သင်္ဘောနဲ့ခေါ်လာပြီး ဒေသခံတချို့ကိုလည်း ဓားစာခံအဖြစ်ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ 

ဒီနေ့ညနေပိုင်းမှာတော့  ဒဏ်ရာရစစ်သားတွေနဲ့ ဖမ်းဆီးခံဓားစာခံတွေကို တင်ဆောင်ထားတဲ့ သင်္ဘောဟာ ထီးချိုင့်ဆိပ်ကမ်းမှာ ကပ်ထားတယ်လို့ သိရပါတယ်။

သြဂုတ် ၂၀ ရက် မနေ့ကကွင်းကြီးကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေယာဥ်နဲ့ ၄ ကြိမ်တိုင် ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီနောက် ဒီနေ့မနက်မှာ ဇီးကုန်းကျေးရွာနဲ့ ကျောက်မှော်ကျေးရွာဘက်ကို စစ်တပ်က ပြန်ဆုတ်လာပြီး ကျောက်မှော်ကျေးရွာက အသက် ၆၀ ဝန်းကျင်အမျိုးသား ၁ ဦးနဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသား ၄ ဦး တို့ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"အဖမ်းခံထားရတဲ့သူတွေနဲ့ ဒဏ်ရာရ ၂၀ ကျော်လောက်ကို သင်္ဘောပေါ်တင်လာပြီး အခု ညနေ ၄ နာရီကျော်လောက်မှာ ထီးချိုင့်ဆိပ်ကမ်းကို ကပ်ထားတယ်။ ခါတိုင်းကတော့ တကောင်းမြို့နယ်ထဲက ကြာညှပ်ဘက်က ဆေးရုံကို သယ်တာများတယ်။ အခုတော့ အောက်ဆက် မစုန်သေးဘူး"လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီက ထီးချိုင့်နယ်က မောင်းကုန်းသကြားစက်ရုံနဲ့ တကောင်းနီကယ်စက်ရုံတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို အင်အားဖြည့်တင်းတဲ့အခါဖြစ်စေ တိုက်ပွဲတွေမှာ ဒဏ်ရာရတဲ့စစ်သားတွေကို သယ်ဆောင်တဲ့အခါဖြစ်စေ ဒီစစ်သင်္ဘောကို အသုံးပြုလေ့ရှိတယ်လို့ သိရပါတယ်။

ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီတပ်တွေက ဇီးကုန်းကျေးရွာဘက်မှာ အင်အားအနည်းငယ်ကျန်နေပြီး လောင်းတော်ဦးတောရကျောင်းဘက်မှာလည်း အင်အားအများအပြားနဲ့ စစ်ကြောင်းတကြောင်းရှိနေတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ထီးချိုင့်မြို့နယ် #ကွင်းကြီးကျေးရွာ #တိုက်ပွဲ #စစ်ကောင်စီ #ဓားစာခံ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10