ထီးချိုင့်တိုက်ပွဲမှာ ရဲဘော်တဦးကျဆုံး၊ စစ်တပ်က မြို့ကို ထပ်မံမီးရှို့ဖျက်ဆီး

ထီးချိုင့်တိုက်ပွဲမှာ ရဲဘော်တဦးကျဆုံး၊ စစ်တပ်က မြို့ကို ထပ်မံမီးရှို့ဖျက်ဆီး

ထီးချိုင့်မြို့တိုက်ပွဲမှာ တော်လှန်ရေးရဲဘော်တဦးကျဆုံးပြီး တိုက်ပွဲယာယီပြန်နားသွားပြီနောက် စစ်ကောင်စီတပ်က ထီးချိုင့်မြို့ကို ထပ်မံမီးရှို့ဖျက်ဆီးတာတွေလုပ်နေတယ်လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ထီးချိုင့်မြို့ပေါ်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေကြား မတ် ၁၄ ရက် မနက် ၄ နာရီကစပြီး တိုက်ပွဲတွေပြန်လည်ပြင်းထန်ခဲ့ပြီး နေ့လယ်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးဆီက သိရပါတယ်။

ထီးချိုင့်တပ်ရင်း ၃ က ရဲဘော်တဦးကျဆုံးခဲ့ပြီး မစိုးရိမ်ရဒဏ်ရာရ ရဲဘော်တချို့ရှိခဲ့တယ်လို့ သိရပါတယ်။

"သူတို့ဘက်ကလည်း ကျတော့ကျတယ်။ အထဲပြည်သူမရှိတော့ အတိအကျမသိရဘူး။ အိမ်တွေတော့ မီးရှို့တယ်။ သူတို့သေရင် အိမ်တွေပေါ်စုတင်ပြီး မီးရှို့တာပဲ" လို့ ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

မီးရှို့တဲ့နေရာဟာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဖက်တောင် တောင်ခြေက လူနေအိမ်တွေလို့ သိရပါတယ်။

မနေ့ နေ့လယ်ပိုင်းကစပြီး တိုက်ပွဲတွေပြန်လည်ရပ်နားခဲ့ပေမယ့် မကြာခင်တိုက်ပွဲတွေပြန်လည် စတင်လာနိုင်တယ်လို့လည်း ဆိုပါတယ်။

"သူ့ဘက် ကိုယ့်ဘက်စစ်ကြောင်းထိုးနေကြတာ။ အခြေအနေစောင့်ကြည့်နေကြတဲ့သဘောပေါ့" လို့ အဲဒီတပ်ဖွဲ့ဝင်ကပဲ ဆက်ပြောပါတယ်။

ထီးချိုင့်မြို့နယ်အတွင်းမှာ ကြံတောင်သူတွေ ရိတ်သိမ်းချိန်ကာလဖြစ်နေတာကြောင့် နှစ်ဘက်တိုက်ပွဲတွေ ရပ်နားထားတာ ၂ လ နီးပါးကြာနေပြီလို့ သိရပါတယ်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က တော်လှန်ရေးတပ်တွေက စတင်ခဲ့ပြီးနောက် စစ်တပ်က လေကြောင်းအကြိမ်ကြိမ်အသုံးပြုကာ မြို့ကိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁၀၀ ကျော် သေဆုံးကာ မြို့ရဲ့ ၉၈ ရာခိုင်နှုန်း ပျက်စီးထားတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

ပုံစာ - ထီးချိုင့်မြို့တွင်း ပျက်စီးမှု အခြေအနေအချို့။ (ပုံဟောင်း)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ထီးချိုင့်မြို့ #တော်လှန်ရေး #ရဲဘော် #စစ်ပွဲ #မီးရှို့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10