ထီးချိုင့်တိုက်ပွဲ စစ်ကောင်စီတပ်အထိနာလို့ လေယာဥ်တွေနဲ့ ၄ ကြိမ်ဗုံးကြဲတိုက်ခိုက်

ထီးချိုင့်တိုက်ပွဲ စစ်ကောင်စီတပ်အထိနာလို့ လေယာဥ်တွေနဲ့ ၄ ကြိမ်ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ သြဂုတ် ၂၀ ရက် မနက် ၈နာရီကျော်ကစလို့ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာကို စစ်ကောင်စီတပ်က လေယာဥ်တွေနဲ့ ၄ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြစ်ကြီးနားလေတပ်စခန်းကနေ တက်လာတဲ့ YAK 130 နဲ့ K8W အမျိုးအစားလေယာဥ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ကွင်းကြီးရွာနဲ့ ဇီးကုန်းရွာကြားက တောထဲကို ၂၅ မိနစ်ကြာ ဗုံးကြဲခဲ့ပေမယ့် ဒေသခံပြည်သူတွေ အထိအခိုက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။

"ဗုံးကြဲတာက တိုက်ပွဲဖြစ်တဲ့နေရာ တောထဲကို ဗုံးကြဲတာဆိုတော့ လူနေအိမ်တွေမရှိဘူး။ အထိအခိုက်လည်း မရှိခဲ့ဘူးပေါ့။ စကစတွေက တိုက်ပွဲမှာ အကျအဆုံးများလို့ ဗုံးကြဲတာထင်တယ်" လို့ ထီးချိုင့် PDF နဲ့ နီးစပ်သူ အမျိုးသားတဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့နေရာကို လေယာဥ်တွေက မနက် ၁၁ နာရီ  ၂၅ မိနစ်မှာ ၁ ကြိမ်၊ ၃၀ မိနစ်မှာ ၁ ကြိမ်၊ နေ့လည် ၂ နာရီ မိနစ် ၂၀ မှာ ၁ ကြိမ်၊ ၄၂ မိနစ်မှာ ၁ ကြိမ် စုစုပေါင်း ၄ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သူကဆက်ပြောပါတယ်။

သြဂုတ် ၂၀ ရက် မနက်ပိုင်းမှာ ကွင်းကြီးကျေးရွာအနီးကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခဲ့တာကြောင့် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက ညနေ ၆ နာရီအထိ တနေကုန်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ စစ်ကောင်စီတပ်က ပြန်ဆုတ်သွားပြီလို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လ ၃၁ ရက်ကလည်း ထီးချိုင့်မြို့နယ်၊ ဝဲကြီးနဲ့ အင်ဒေါင်းကျေးရွာအကြားကို တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီက တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ ညနေ ၄ နာရီကျော်မှာ ဗုံးကြဲခဲ့တာကြောင့် စစ်ဘေးရှောင် ၆ ဦးသေဆုံးပြီး ၃ ဦးထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ထီးချိုင့်မြို့နယ် #KIA #PDF #တိုက်ပွဲ #စစ်ကောင်စီ #ဗုံးကြဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10