ထီးချိုင့်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ

ထီးချိုင့်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်‌ရေးတပ် PDF၊ AA ပူးပေါင်းတပ်ဖွဲ့တို့ နိုဝင်ဘာ ၈ ရက် ဒီနေ့ ၃ နာရီအချိန်ကစတင်ကာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ‌တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဒီနေ့ ညနေ ၅ နာရီခန့်မှာ မြစ်ကြီးနားဘက်ကလာတဲ့ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ ၃ စီးက ထီးချိုင့်မြို့ထဲကို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့၀င်ထံက သိရပါတယ်။

"ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာ ရွှေဂူတောင်ဘုန်းတော်ကြီးကျောင်းနဲ့ လျောင်းတော်မူဘုန်းကြီးကျောင်းမှာရှိတဲ့ သံဃာတွေနဲ့ စစ်ရှောင်ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ကြားတယ်။ အသေးစိတ်မသိသေးဘူး" လို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

လက်ရှိတွင် တိုက်ပွဲပြင်းထန်နေတဲ့အတွက် တကောင်း-ထီးချိုင့်-အင်းတော် လမ်းပိုင်းကို ညနေ ၃ နာရီခွဲ အချိန်ကစပြီး ယာယီပိတ်ပြီး ဖြတ်သန်းသွားလာခွင့် မပြုတော့ဘူးလို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တကောင်းမြို့နဲ့ ထိစပ်နေတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှာလည်း ဒေသခံတွေစစ်ရေး သတိပြုနေထိုင်ကြဖို့ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထုတ်ပြန်ထားပါတယ်။

ထီးချိုင့်မြို့နယ်တွင် အောက်တိုဘာ ၂၇ ရက်ကတည်းက စစ်ကောင်စီနဲ့ PDF/AA ပူးပေါင်းအဖွဲ့တွေ ထိုးစစ်ဆင်တိုက်ပွဲတွေ ဖြစ်ပွားချိန်မှစတင်ပြီး စစ်ကောင်စီဘက်က ထီးချိုင့်မြို့ကို လေကြောင်းမှ တိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ထီးချိုင့်မြို့ #စစ်ကောင်စီ #PDF #AA #ဂျက်ဖိုက်တာ #ဗုံးကြဲတိုက်ခိုက် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10