ထီးချိုင့်တွင် စစ်တပ်က အင်အားတိုးမြှင့်ထားပြီး တိုက်ပွဲပြင်းထန်နေ

ထီးချိုင့်တွင် စစ်တပ်က အင်အားတိုးမြှင့်ထားပြီး တိုက်ပွဲပြင်းထန်နေ

စစ်ကောင်စီဘက်က အင်အားနဲ့ လက်နက်တွေ အများအပြားထပ်ဖြည့်ထားတဲ့ ထီးချိုင့်မြို့နယ်မှာ ဒီနေ့ မနက် ၄ နာရီလောက်ကစပြီး မြတောင်ဘက်ခြမ်းမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

"မြတောင်ဘက်ခြမ်းမှာတင် ဖြစ်နေတာ။ မနက်ကတည်းကပဲ။ စစ်တပ်ဘက်ကလည်း ဒရုန်းတွေ အများအပြား သုံးနေတယ်။” လို့ ဒေသခံတဦးက ပြောပါတယ်။ 

စစ်ကောင်စီဟာ မြတောင်ဘက်မှာ စစ်ကြောင်း ၂ ကြောင်းနဲ့ အင်အား ထပ်ဖြည့်ထားတာကြောင့် စုစုပေါင်း အင်အား ၅၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ 

တိုက်ပွဲတကျော့ပြန်စနေတာမှန်ပေမယ့် လက်ရှိတိုက်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်အခြေအနေကိုတော့ မသိရသေးဘူးလို့ ကျေးရွာပကဖခေါင်းဆောင်တဦးကလည်း ပြောပါတယ်။

ထီးချိုင့်မြို့နဲ့ မြတောင်ကျေးရွာကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာနဲ့ ယခုနှစ် ဇန်နဝါရီအတွင်းမှာ စစ်ကောင်စီက စစ်အင်အား ၅၀၀ ကျော်အထိ ထပ်တိုးထားပြီး ၂ နေရာပေါင်း အင်အား ၁,၀၀၀ နီးပါးရှိတယ်လို့ ကာကွယ်ရေးတပ်တွေဆီက နေသိရပါတယ်။

ဇန်နဝါရီ ၁၃ ရက်ကလည်း မြစ်ကြီးနားဘက်ကနေ ရဟတ်ယာဥ် ၃ စီးနဲ့ ထီးချိုင့်မြို့ပေါ်ကို လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် ထောက်ပို့လေယာဥ် ၂ စီးနဲ့ လက်နက်အင်အားတွေထပ်ဖြည့်ပေးခဲ့ရာမှာ နေရာလွဲပြီး လက်နက်တွေချထားပေးခဲ့တာကြောင့် ၄၀ မမ လက်နက်တွေအပါအဝင် လက်နက်အများ အပြားကို တော်လှန်ရေးတပ်တွေက ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

"နေရာမှားချတာလေ။ လက်နက်ကြီးတွေရော၊ ဂန်း(သေနတ်)တွေရော ရလိုက်တယ်" လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်တပ်ဟာ ထီးချိုင့်မြို့ထဲကနေရာတော်တော်များများကို နေရာယူတပ်စွဲထားပြီး မြို့တွင်းနေရာတွေကို ကာကွယ်ရေးတပ်တွေဘက်က ပြန်ဆုတ်ခွာပေးထားရတယ်လို့လည်း သိရပါတယ်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ၁၀ ရက်က စတင်ခဲ့ပြီး စစ်တပ်က လေကြောင်းအသုံးပြုကာ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထီးချိုင့်မြို့ရဲ့ အဆောက်အဦအားလုံးပျက်စီးနေပြီး ပြည်သူသေဆုံးမှုရာနဲ့ချီ ရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေဆီက နေသိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကောင်စီ #စစ်ကိုင်းတိုင်း #ထီးချိုင့် #မြို့သိမ်း #တိုက်ပွဲ # လေကြောင်း #မြတောင် #အင်အားတိုးမြှင့် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10