ထီးချိုင့်နဲ့  မြတောင်ကို စစ်တပ်က အင်အားတိုး၊ မီးကျည်သုံးပြီး ထီးချိုင့်မြို့ကိုမီးရှို့

ထီးချိုင့်နဲ့ မြတောင်ကို စစ်တပ်က အင်အားတိုး၊ မီးကျည်သုံးပြီး ထီးချိုင့်မြို့ကိုမီးရှို့

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ပေါ်နဲ့ မြတောင်ကျေးရွာကို စစ်တပ်က အင်အားထပ်တိုးနေပြီး မြို့ထဲကနေအိမ်တွေကိုလည်း မီးကျည်တွေသုံးကာ မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။ 

နိုဝင်ဘာလ ၂၈ ရက် မနေ့က စတင်ကာ နိုဝင်ဘာလ ၂၉ ရက် ဒီကနေ့အထိ တကောင်းမြို့၊ နီကယ်စက်ရုံဘက်ကနေ စစ်ကောင်စီတပ်သားတွေက အထက်ပါနေရာ ၂ ရာကို စစ်အင်အားထပ်တိုးနေတာပါ။ 

 ဒါ့အပြင် ထီးချိုင့်မြို့တွင်းရှိ နေအိမ်တွေကနေ ဆန်အိတ်၊ ဆီပုံးနဲ့ စားနပ်ရိက္ခာတွေကိုလည်း စစ်ကောင်စီတပ်သားတွေက သူတို့အထိုင်ချရာ ထီးချိုင့်မြို့ပေါ်ရှိ တောင်ကုန်းပေါ်ကိုသယ်ပြီး အဲ့ဒီအပေါ်ကနေ မီးကျည်တွေသုံးကာ မြို့ထဲက နေအိမ်တွေကို မီးရှို့နေတာလည်း ဖြစ်ပါတယ်။

"ကုန်လောက်ရောပေါ့။ မနေ့က (နိုဝင်ဘာ ၂၈) တနေကုန်ကို မီးရှို့နေတာ"လို့ တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးက ပြောပါတယ်။ 

 စစ်အုပ်စုက မကြာခဏ မြို့ပေါ်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ပျက်စီးတဲ့ အိမ်ခြေအရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့လည်း ဆိုပါတယ်။

ထီးချိုင့်မြို့ကိုသိမ်းဖို့ တော်လှန်ရေးတပ်တွေက နိုဝင်ဘာလ ၈ ရက်က နောက်ဆုံးထားပြီး ဒေသခံတွေကို မြို့ထဲကထွက်ခိုင်းကာ နိုဝင်ဘာလ ၁၀ ရက်မှာ တိုက်ပွဲစတင်ခဲ့ပြီးနောက် စစ်တပ်က စစ်ရှောင်ပြည်သူတွေရှိရာနေရာတွေနဲ့ ထီးချိုင့်မြို့ပေါ်က နေအိမ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် တိုက်ပွဲယာယီရပ်နားထားခဲ့ရတာပါ။ 

လက်ရှိမှာ ထီးချိုင့်မြို့ကို စစ်ကောင်စီတပ်က စီးနင်းထားဆဲဖြစ်ပြီး တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ကာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုးတဲရွာ၊ အင်းတိန်ရွာနဲ့ အနီးနားကျေးရွာတွေက စစ်ရှောင်ပြည်သူ ၂၂ ဦးနဲ့ ထီးချိုင့်မြို့တွင်းက ပိတ်မိနေတဲ့ ပြည်သူ ၁၀၀ ကျော် စုစုပေါင်း ပြည်သူ ၁၂၀ ကျော်တို့ သေဆုံးခဲ့တယ်လို့ မြေပြင်တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။

စာတည်း - လင်း

 #မြေလတ်အသံ

#စစ်ကိုင်း #ထီးချိုင့် #စစ်ကောင်စီ #အင်အားတိုး #မီးရှို့ #မီးကျည် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10