ထီးချိုင့်မြို့ကို တော်လှန်ရေးတပ်တွေ ဝန်းရံပိတ်ဆို့ထားပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေလည်းရှိ

ထီးချိုင့်မြို့ကို တော်လှန်ရေးတပ်တွေ ဝန်းရံပိတ်ဆို့ထားပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေလည်းရှိ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ကို တော်လှန်ရေးတပ်တွေက ဝန်းရံထားဆဲဖြစ်ပြီး ထီးချိုင့်တံတားပေါ်မှာတော့ စစ်ကောင်စီတပ်နဲ့ မကြာခဏတိုက်ပွဲဖြစ်ပွားတာတွေရှိနေတယ်လို့ တော်လှန်ရေးတပ်တွေဆီကနေသိရပါတယ်။

သြဂုတ် ၂၂ ရက်မှာ ထီးချိုင့်မြို့တဖက်ကမ်း၊ မြတောင်ကျေးရွာနဲ့ အနီးဝန်းကျင်က စစ်ကောင်စီတပ် စခန်းအားလုံးကို တော်လှန်ရေးတပ်တွေသိမ်းယူနိုင်ခဲ့ပြီး ထီးချိုင့်မြို့သိမ်းဖို့သာကျန်ရှိနေတာ ဖြစ်ပါတယ်။ 

ထီးချိုင့်မြို့ကို သိမ်းယူဖို့ အဲဒီကတည်းက တော်လှန်ရေးတပ်ပေါင်းစုတွေက မြို့ကိုဝိုင်းထားတာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲတော့ မစသေးဘူးလို့ သိရပါတယ်။

"ထီးချိုင့်တံတားအလယ်ခေါင်မှာ ဘန်ကာ ၁ ခုကျန်သေးတယ်လေ။ အဲဒီဘန်ကာပေါ်မှာ ပစ်နေတာ" လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးက ပြောပါတယ်။

နေ့ခင်းဘက်တွေမှာ တိုက်ပွဲတွေငြိမ်နေပေမယ့် ညဘက်ဆိုရင် မြတောင်ကျေးရွာနဲ့ ထီးချိုင့်မြို့ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတားပေါ်မှာ နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်နေတာလို့ဆိုပါတယ်။

မြတောင်ရွာဘက်က စစ်ကောင်စီတပ်သားတချို့ဟာ ဩဂုတ်လကတည်းက ထီးချိုင့်မြို့ထဲက တပ်စခန်းတွေထံ ပူးပေါင်းသွားခဲ့ပြီး စစ်ကောင်စီက နောက်ထပ်အင်အားဖြည့်တင်းတာတွေ မရှိသေးဘူးလို့ သိရပါတယ်။ 

ထီးချိုင့်မြို့ပေါ်ကို စစ်ကောင်စီရဲ့ လေယာဥ်တွေ ဝဲပျံတာရှိပေမယ့် တော်လှန်ရေးတပ်တွေဝိုင်းဝန်း ပစ်ခတ်တာကြောင့် လေကြောင်းနဲ့ အင်အားတိုးတာတွေလည်း မရှိဘူးလို့ သိရပါတယ်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို ၂၀၂၃ နိုဝင်ဘာ ၁၀ ရက်နေ့မှာ တော်လှန်ရေးတပ်တွေကစတင်ခဲ့ပြီး မြို့ကိုမသိမ်းနိုင်သေးဘဲ တိုက်ပွဲတွေယာယီရပ်ထားတယ်လို့ သိရပါတယ်။ အဲဒီအချိန်ကနေ ဒီနေ့အထိစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ထီးချိုင့်မြို့ဟာ တမြို့လုံးနီးပါးပျက်စီးနေပြီလို့သိရပါတယ်။

ပုံစာ - စစ်ကောင်စီလေကြောင်းတိုက်ခိုက်တာ မီးရှို့တာနဲ့ တိုက်ပွဲတွေကြောင့် ပျက်စီးသွားတဲ့ ထီးချိုင့်မြို့။ (ပုံဟောင်း)

စာတည်း - လင်းဇေ

#မြေလတ်အသံ 

#စစ်ကိုင်းတိုင်း #ထီးချိုင့်မြို့ #တော်လှန်ရေးတပ် #ထီးချိုင့်တံတား #စစ်ကောင်စီ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10