ထီးချိုင့်မြို့နယ်က ဖမ်းဆီးခံထားရတဲ့ဒေသခံတွေကို စစ်တပ်က ပြန်မလွှတ်သေး

ထီးချိုင့်မြို့နယ်က ဖမ်းဆီးခံထားရတဲ့ဒေသခံတွေကို စစ်တပ်က ပြန်မလွှတ်သေး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နဲ့အနီးတဝိုက်ကျေးရွာတွေက အမျိုးသမီးတွေအပါအဝင်ဒေသခံ ၆၀ ထဲက အများစုကို တလကျော်ကြာတဲ့အထိ စစ်တပ်က ဖမ်းဆီးထားပြီးပြန်လွှတ်မသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်က ထီးချိုင့်မြို့အနီးဝန်းကျင်က ဒေသခံတွေဟာ နယ်မြေအေးချမ်းပြီထင်ပြီး စစ်ရှောင်နေတဲ့ နေရာတွေကနေ ကျေးရွာတွေထဲကို ပြန်ဝင်ခဲ့ကြရာမှာ အခုလို ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။ 

"အေးလောက်ပြီဆိုပြီး ကိုယ့်နေရာ၊ သူ့နေရာလေးတွေ ပြန်ပြီးကြည့်ကြတဲ့သူလေးတွေပေါ့။ အဲဒီအထဲက သက်ကြီးရွယ်အိုတွေ လွှတ်ပေးလိုက်ပြီ။ လူငယ်တွေ ခိုင်းလို့ရတဲ့အရွယ်တွေ အကုန်ဖမ်းထားသေးတယ်လို့ သိရတယ်။ " လို့ ထီးချိုင့်မြို့နယ်ပကဖအဖွဲ့ဝင်တဦးက ပြောပါတယ်။

ထီးချိုင့်နဲ့ ၂ မိုင်လောက်ပဲဝေးတဲ့ ဇီးကုန်းကျေးရွာ၊ ပိတောက်လှကျေးရွာတွေက ဒေသခံတွေပါဝင်တယ်လို့ သိရပါတယ်။

အဖမ်းခံရသူတွေဟာ ရွာတွေကအများစုဖြစ်ပြီး အမျိုးသမီးဘယ်နှစ်ယောက်၊ အမျိုးသားဘယ်နှစ်ယောက်ဆိုတာကို စာရင်းအတိအကျကိုမသိရသေးဘူးလို့လည်းဆိုပါတယ်။

"မြို့ထဲကလူတွေ မပါဘူး။ မြို့အပြင်အနီးတဝိုက်ကျေးရွာတွေက ကိုယ့်အိမ်ကို မိသားစုလိုက်ပြန်ကြသူတွေ အဖမ်းခံရတာ "လို့ မြို့နယ်ပကဖအဖွဲ့ဝင်တဦးက ပြောပါတယ်။

ထီးချိုင့်မြို့ကို ၂၀၂၃ နိုဝင်ဘာ ၁၀ ရက်မှာ တော်လှန်ရေးတပ်တွေက မြို့သိမ်းတိုက်ပွဲစတင်ခဲ့ပြီးနောက် စစ်တပ်က နေ့စဥ် လေကြောင်းတိုက်ခိုက်နေပြီး မြို့ရဲ့အဆောက်အဦ ၉၈ ရာခိုင်နှုန်းခန့် ပျက်စီးနေသလို လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁၂၀ ကျော်လည်း သေဆုံးထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

လက်ရှိအချိန် ထီးချိုင့်မြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

ပုံစာ - တိုက်ပွဲကာလအတွင်း ပျက်စီးနေသည့် ထီးချိုင့်မြို့တွင်းနေရာတစ်ခု။ (ပုံဟောင်း)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ထီးချိုင့်မြို့ #အမျိုးသမီး #စစ်တပ် #ဖမ်းဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10