ထီးချိုင့်မြို့နယ် စစ်ရှောင်တွေထဲ သတင်းပေးရှိနေတာကြောင့် စစ်ဆေးမှုတွေ ပြုလုပ်နေ

ထီးချိုင့်မြို့နယ် စစ်ရှောင်တွေထဲ သတင်းပေးရှိနေတာကြောင့် စစ်ဆေးမှုတွေ ပြုလုပ်နေ

ထီးချိုင့်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေမှာ စစ်တပ်သတင်းပေးတွေရှိနေတာကြောင့် စစ်ဗိုလ်တွေနဲ့ ဆက်စပ်မှုရှိသူတွေအပါအဝင် စစ်ရှောင်ပြည်သူ ၃၀ လောက်ကို ယာယီထိန်းသိမ်းထားရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲစတင်ခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်ကနေ ဒီဇင်ဘာ ၂၈ ရက်အထိ ထီးချိုင့်မြို့နယ်က ဆေးရုံအပါအဝင် ပြည်သူတွေနေထိုင်တဲ့နေရာတွေကို စစ်တပ်က နေရာအတိအကျနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒီဇင်ဘာ ၁၅ ရက်က စတင်ပြီး စစ်ရှောင်ပြည်သူတွေထဲက မသင်္ကာတဲ့ပြည်သူတွေကို ဖမ်းဆီးကာ ဖုန်းတွေသိမ်းပြီး စစ်ဆေးမှုတွေပြုလုပ်နေတာလို့ သိရပါတယ်။

"တချို့တွေကိုတော့ စစ်ဆေးပြီး ပြန်လွှတ်လိုက်ပြီ။ တချို့တွေကတော့ ကျန်သေးတယ်။ လူကတော့ အစုံပဲ။ ဗိုလ်ကတော်တွေ၊ သူတို့(စစ်ဗိုလ်)ရည်းစားတွေနဲ့ Non-CDM တချို့၊ အရပ်သားတချို့လည်းပါတယ်" လို့ ထီးချိုင့်မြို့နယ် ကျေးရွာပကဖခေါင်းဆောင်တဦးက ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ ထီးချိုင့်မြို့ပေါ်ကတင်မဟုတ်ဘဲ အနီးနားကျေးရွာတွေက ပြည်သူတွေပါ ပါဝင်တယ်လို့ သိရပါတယ်။ 

စစ်ဆေးပြီး မမှန်ကန်ပါက ပြန်လွှတ်ပေးနေတာကြောင့် လူဦးရေစာရင်းနဲ့ ကျား၊ မစာရင်းကို အတိအကျပြောဖို့ ခက်ခဲတယ်လို့လည်း ပြောပါတယ်။

ဒီဇင်ဘာတတိယအပတ်ထဲမှာ ထီးချိုင့်မြို့သိမ်းတိုက်ပွဲမှာ ဒဏ်ရာရခဲ့သူ ရဲဘော်တဦးဆေးကုသနေစဥ်မှာ အဲဒီဆေးရုံကို စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲခဲ့တာကြောင့် ရဲဘော်ကျဆုံးမှုဖြစ်ခဲ့ပြီးနောက် ဆေးရုံတာဝန်ရှိသူတွေရဲ့ တိုင်ကြားချက်အရ ဒီစစ်ဆေးမှုကို စတင်ခဲ့တာလို့သိရပါတယ်။

"ကောင်းကောင်းမွန်မွန်ပဲ ကျွန်တော်တို့ စစ်ဆေးနေတာပါ။ မစစ်လို့လည်း မရဘူးလေ။ ဒီဘက်က ဆုံးရှုံးမှုကလည်း များနေပြီ။ ဖရဲသီးဘက်ကနေလည်း ဒီဖက်ကသတင်းပေးနေကြောင်း အကြောင်းကြားလာတာရှိတာကြောင့် စစ်ဆေးနေတာပါ" လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကလည်း ပြောပါတယ်။

ဒီစစ်ဆေးမှုမှာ ယနေ့အထိသတင်းပေးမပေါ်ပေါက်သေးတာကြောင့် အရေးယူနိုင်တာမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

လက်ရှိ ထီးချိုင့်မြို့နယ်မှာတော့ တိုက်ပွဲတွေငြိမ်နေပြီး စစ်တပ်ဘက်က အင်အားထပ်တိုးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးကျဆုံးခဲ့သလို စစ်ကောင်စီရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၅၀ ကျော်သေဆုံးထားပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ထီးချိုင့်မြို့နယ် #လေကြောင်းတိုက်ခိုက် #စစ်တပ်သတင်းပေး #ဒလန် #စစ်ဗိုလ် #စစ်ရှောင်ပြည်သူ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10