ထီးချိုင့်မြို့နယ်ထဲက ဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူ ၅ ဦး ပျောက်ဆုံးနေ

ထီးချိုင့်မြို့နယ်ထဲက ဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူ ၅ ဦး ပျောက်ဆုံးနေ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း စစ်သင်္ဘောတွေဆန်တက်စဥ်က လုံခြုံရေးလာပေးတဲ့ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတဲ့ဒေသခံတချို့ ပြန်လွတ်လာပြီး ၅ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ်လ ၅ ရက်က စစ်သင်္ဘောတွေကို လုံခြုံရေးပေးဖို့လာတဲ့ စစ်ကြောင်းဟာ ထီးချိုင့်မြို့နယ် မြစ်ကမ်းဘေးကျေးရွာတွေဖြစ်တဲ့ ကလုန်ရွာက ဒေသခံ ၁၅ ယောက်၊ နတ်အင်းရွာက ဒေသခံ ၁၇ ယောက် စုစုပေါင်း ၃၂ ယောက်ကို ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။  

သြဂုတ်လ ၆ ရက်မှာ ထီးချိုင့်မြို့အနောက်တောင်ရိုးပေါ်ကနေ ဖမ်းဆီးခံခဲ့ရသူတွေထဲက အလောင်း ၅ လောင်းကို ပြန်တွေ့ခဲ့တယ်လို့ ကျေးရွာပကဖတဦးက ပြောပါတယ်။

အဲဒီနောက် ဖမ်းဆီးခံလိုက်ရသူ ၂၇ ဦးကို စစ်တပ်က တကောင်းမြို့၊ နီကယ်စက်ရုံကိုခေါ်သွားပြီး အဲ့ဒီအထဲက ၁၀ ဦးခန့်ကို သေနတ်ဖြုတ်တပ်လုပ်တာတွေ သင်ပေးခဲ့တယ်လို့ သိရပါတယ်။

"တကောင်းကနေ ထီးချိုင့်ဘက်ကိုလာတဲ့လမ်းမှာ တိုက်ပွဲတွေဖြစ်တဲ့အချိန်ကျရင် အဲ့ဒီလူတွေကို သေနတ်ပေးကိုင်တယ်။ တိုက်ပွဲကတော့ ကြီးကြီးမားမားမဖြစ်ခဲ့ဘူး" လို့ ဖမ်းဆီးခံခဲ့ရသူ နတ်အင်းရွာသားတဦးက ပြောပါတယ်။

အဲဒီဖမ်းဆီးခံခဲ့ရသူတွေကို ၂၂ ရက်က တကြိမ်၊ ၂၅ ရက်ကတကြိမ်နဲ့ ၃၀ ရက် ဒီနေ့မှာ တကြိမ် သုံးကြိမ်ခွဲကာ ပြန်လွှတ်ပေးခဲ့ပြီး စုစုပေါင်း ၂၂ ဦး ပြန်လွတ်လာခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအထဲမှ နတ်အင်းကျေးရွာက ဒေသခံ ၃ ဦးနဲ့ ကလုန်ကျေးရွာက ဒေသခံ ၂ ဦးဟာ စစ်တပ်လက်ထဲမှာပဲ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

"နောက်ဆုံးလွတ်လာတဲ့သူတွေရဲ့စကားအရ စစ်ကြောင်းထဲမှာလည်း အဖမ်းခံထားရတဲ့သူတွေလည်း မရှိတော့ဘူးလို့ ပြောတယ်။ လမ်းမှာပဲသေလား။ ထွက်ပြေးလာကြလား မသိဘူး။ အခုထိ အိမ်ပြန် မရောက်လာသေးဘူး" လို့ ကျေးရွာပကဖတာဝန်ခံတဦးက ပြောပါတယ်။

ဒေသခံတွေကို ဖမ်းဆီးသွားတဲ့ အဲ့ဒီစစ်ကြောင်းဟာ လက်ရှိ ထီးချိုင့်မြို့နယ်၊ မြတောင်ကျေးရွာအနီးမှာ ရှိနေတယ်လို့ သိရပါတယ်။

ထီးချိုင့်မြို့နယ်အတွင်းမှာ စစ်တပ်စစ်ကြောင်းတွေရှိနေပြီး လေပွေကျေးရွာအနီးက ဒေသခံတွေကို ဖမ်းဆီးပြီး တပ်စွဲထားတဲ့စစ်ကြောင်းကလည်း ဒေသခံ ၂၀ ကျော်ကို ဒီနေ့အထိ ပြန်မလွှတ်သေးဘူးလို့ သိရပါတယ်။

စာတည်း - လင်းဇေ

မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ထီးချိုင့်မြို့နယ် #စစ်သင်္ဘော #စစ်ကောင်စီ #ဒေသခံ #မြတောင်ကျေးရွာ #လူသားဒိုင်း #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10