ထီးချိုင့်မြို့နယ်မှာ Non-CDMတွေ အလုံးအရင်းနဲ့အလင်းဝင်ရောက်

ထီးချိုင့်မြို့နယ်မှာ Non-CDMတွေ အလုံးအရင်းနဲ့အလင်းဝင်ရောက်

ထီးချိုင့်မြို့နယ်က Non-CDM ဝန်ထမ်းတွေကို အလင်းဝင်ကြဖို့ ထီးချိုင့်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပြီးနောက် အလင်းဝင်ရောက်လာသူ ဝန်ထမ်း ၁၀၀ ကျော်ရှိပြီး အလင်းဝင်ဖို့ ဆက်သွယ်လာသူ အများအပြားရှိတယ်လို့ မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာ ၂၇ ရက်က မြို့နယ်ပအဖကနေပြီး ထီးချိုင့်မြို့နယ်အတွင်းက Non-CDMတွေအနေနဲ့ အလင်းဝင်ရောက်ဖို့နဲ့ ဒီဇင်ဘာ ၂၇ ရက်အထိ အလင်းဝင်ရောက်ခြင်းမရှိတဲ့ဝန်ထမ်းတွေကို တည်ဆဲဥပဒေနဲ့အညီ ထိရောက်စွာအရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

"သက်ဆိုင်ရာ ရပ်ကျေးတွေအလိုက် အလင်းဝင်လာတဲ့သူတွေ များပါတယ်။ အများစုကတော့ ပညာရေး ဝန်ထမ်းတွေပါ။ နယ်မြေအခြေအနေ မတည်ငြိမ်သေးတော့ စာရင်းသေချာပြောပြဖို့ အခက်အခဲရှိနေပါတယ် "လို့ ထီးချိုင့်မြို့နယ်၊ပအဖ တာဝန်ရှိသူတဦးကပြောပါတယ်။

ရပ်ကျေးပကဖခေါင်းဆောင်တဦးက စာရင်းပြုစုပြီး အလင်းဝင်ရောက်လာတဲ့ Non-CDM စာရင်း ၁၀၀ ကျော်ရှိပြီး လတ်တလောတိုက်ပွဲတွေကြောင့် အားလုံးကို စာရင်းမလုပ်နိုင်သေးသလို ဆက်တိုက်အလင်းဝင်ရောက်မှုတွေ ရှိနေတယ်လို့ဆိုပါတယ်။

"တိုက်ပွဲက ဆက်တိုက်ဖြစ်နေတယ်။ စစ်ရှောင်တွေကလည်းတဖက်မို့ အဲ့ဖက်စာရင်းသေချာ မလုပ်ရသေးတာ။ အလင်းဝင်ဖို့ ဆက်သွယ်လာတဲ့သူ အများကြီးရှိပါတယ် "လို့ ထီးချိုင့်မြို့နယ်၊ပအဖ တာဝန်ရှိသူတဦးက ဆက်ပြောပါတယ်။

ထီးချိုင့်မြို့နယ်မှာ နိုဝင်ဘာ ၁၀ ရက်ကတည်းက မြို့သိမ်းတိုက်ပွဲစတင်နေပြီး စစ်တပ်ကလေကြောင်းတိုက်ခိုက်မှု အကြိမ်ရေများစွာ ပြုလုပ်ထားပါတယ်။ 

လတ်တလောမှာ ထီးချိုင့်မြို့တွင်းကနေရာတချို့ကို ကာကွယ်ရေးတပ်တွေ ပြန်ဆုတ်ပေးထားရသလို မြတောင် ကျေးရွာဘက်မှာလည်း စစ်တပ်က အင်အားအများအပြားထပ်တိုးထားတယ်လို့ ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ထီးချိုင့် #NonCDM #CDM #ပကဖ #ပအဖ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #အလင်းဝင် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10