ထီးချိုင့်မြို့ပေါ်မှာ တိုက်ပွဲတွေပြန်ဖြစ်နေ

ထီးချိုင့်မြို့ပေါ်မှာ တိုက်ပွဲတွေပြန်ဖြစ်နေ

ထီးချိုင့်မြို့ပေါ်မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား မတ် ၁၄ ရက် ဒီနေ့မနက် ၄ နာရီကစပြီး တိုက်ပွဲတွေပြန်လည်ပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

၂၀၂၃ နိုဝင်ဘာလကတည်းက ထီးချိုင့်မြို့ပေါ်နှင့် အနီးဝန်းကျင်တွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဇန်နဝါရီလထဲမှာ တိုက်ပွဲဖြစ်ပွားမှုရပ်နားခဲ့ပေမယ့် ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေရာက အခုအခါမှာ တိုက်ပွဲပြန်လည်ဖြစ်ခဲ့တာဖြစ်ပါတယ်။ 

လက်ရှိမှာ ထီးချိုင့်မြို့ပေါ်က မြသိန်းတန်တောင်၊ ဖက်တောင်နဲ့ မြို့ထဲက ဂေါက်ကွင်းနေရာတွေမှာ စစ်ကောင်စီတပ်တွေ နေရာယူထားတယ်လို့သိရပါတယ်။

ဒီနေ့မနက်တိုက်ပွဲမှာ မြသိန်းတန်တောင်ကို AA၊ KIA နဲ့ PDFပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယခုအချိန်အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါတယ်။

"ကိုယ့်ဘက်ကစပြီးနေရာတွေ ဝင်စီးပြီး စတယ်လို့သိရတာပဲ။ အခုထိလည်း ဖြစ်နေတုန်းပဲ။ နှစ်ဘက်လုံး ဒရုန်းရော၊ လက်နက်ကြီးရော၊ လက်နက်ငယ်ရော အကုန်လုံးစုံနေပြီ။ တိုက်နေရတာ" လို့ တော်လှန်ရေးတပ်ဖွဲ့ ဝင်တဦးက ပြောပါတယ်။

မြသိန်းတန်တောင်ပေါ်မှာ စစ်တပ်ကရိက္ခာ၊ လက်နက်နဲ့ ဘန်ကာတွေ အခိုင်အမာဆောက်ကာ ခံစစ်ပြင်ထားပြီး ထီးချိုင့်မြို့ကို တော်လှန်ရေးတပ်တွေ စတင်သိမ်းခဲ့ချိန်က မသိမ်းနိုင်ခဲ့တဲ့တခုတည်းသောနေရာဖြစ်တယ်လို့ သိရပါတယ်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို ၂၀၂၃ နိုဝင်ဘာ ၁၀ ရက်မှာ တော်လှန်ရေးတပ်တွေ စတင်ခဲ့ပြီးနောက် စစ်တပ်က လေကြောင်းအကြိမ်ကြိမ်အသုံးပြုကာ မြို့ကိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁၀၀ ကျော်သေဆုံး ကာ မြို့ရဲ့ ၉၈ ရာခိုင်နှုန်း ပျက်စီးထားတယ်လို့တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

ပုံစာ - ထီးချိုင့်မြို့ပေါ်ရပ်ကွက်တစ်ခု မီးလောင်နေစဉ်။ (ပုံဟောင်း)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ထီးချိုင့် #စစ်ကောင်စီ #PDF #မြို့သိမ်းတိုက်ပွဲ #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10