ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ပြန်စနေပြီး တိုက်ပွဲပြင်းထန်နေ

ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ပြန်စနေပြီး တိုက်ပွဲပြင်းထန်နေ

 

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ပြန်စနေပြီး စစ်ကောင်စီဘက်က ရှေ့ကင်းကျိုးကာ တိုက်ပွဲလည်း ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။ 

နိုဝင်ဘာ ၃၀ ရက် မနေ့ကမနက် ၆ နာရီမှာ ထီးချိုင့်မြို့မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ တောင်တလုံးတောင်အနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် မနက် ၇ နာရီလောက်မှာ ထီးချိုင့်မြို့ထဲကို ကာကွယ်ရေးတပ်တွေ ပြန်ဝင်လာပြီး တိုက်ပွဲပြန်စခဲ့တာလို့ ဆိုပါတယ်။ 

"ရှေ့ကင်းပေါက်သွားပြီဆိုတော့ တောင်ပေါ်တက်ရုံပဲ ကျန်တော့တာပေါ့"လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ထီးချိုင့်မြို့ထဲမှာရှိတဲ့ ထီးချိုင့်တောင်ပေါ်မှာ စစ်ကောင်စီတပ်တွေက တပ်စွဲထားတာဖြစ်ပြီး တောင်ခြေမှာ ရှေ့ကင်းချထားကာ အဲ့ဒီကင်းကို ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ထားနိုင်တာ ဖြစ်ပါတယ်။။ 

ဒါ့အပြင် စစ်တပ်ဘက်က ထီးချိုင့်မြို့ထဲကို မနေ့ကနေ့လယ် ၁၁ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ စက်သေနတ်တွေနဲ့ ပစ်ခတ်တာတွေကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီနှစ်ရက်တာ တိုက်ပွဲအတွင်း နှစ်ဖက်ကျဆုံးမှု အခြေအနေတွေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ၁၀ ရက်က စတင်ခဲ့တာဖြစ်ပြီး ၁၅ ရက်မှာတော့ ကာကွယ်ရေးတပ်တွေဘက်က အပစ်ခတ်ရပ်ခဲ့တာပါ။ အဲ့ဒီရက်တွေအတွင်းမှာတော့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ပါတယ်။ 

ဒါ့အပြင် နိုဝင်ဘာ ၁၀ ရက်ကနေ ၃၀ ရက်အထိ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထီးချိုင့်မြို့နဲ့ အနီးကျေးရွာအချို့က ကလေးတွေအပါအဝင် ပြည်သူ ၁၂၀ ကျော်သေဆုံးခဲ့ပြီး ထီးချိုင့်မြို့တမြို့လုံးနီးပါးလည်း မီးရှို့ခံထားရတယ်လို့ မြေပြင်တိုက်ခိုက်ရေး ရဲဘော်တွေဆီက သိရပါတယ်။ 

ပုံစာ - စစ်ကောင်စီတပ်များ မီးရှို့တိုက်ခိုက်ခဲ့သည့် ထီးချိုင့်မြို့။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ထီးချိုင့် #မြို့သိမ်းတိုက်ပွဲ #စစ်ကောင်စီ #PDF #ပြင်းထန် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10