ထီးချိုင့်မြို့သိမ်းတိုက်ပွဲမှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ဒေသခံ ၁၀ ဦးခန့်သေဆုံးပြီး ၄၀ နီးပါးဒဏ်ရာရ

ထီးချိုင့်မြို့သိမ်းတိုက်ပွဲမှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ဒေသခံ ၁၀ ဦးခန့်သေဆုံးပြီး ၄၀ နီးပါးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထီးချိုင့်တောင်ပေါ်နဲ့ မြတောင်ကတုတ်ကျင်း နေရာ ၂ ခုမှ လက်နက်ကြီးတွေနဲ့ပစ်တာ၊ လေကြောင်းပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူ ၁၀ ဦးခန့်သေဆုံး ပြီး ၄၀ နီးပါး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။ 

နိုဝင်ဘာ ၁၀ ရက်ကတည်းက မြတောင်လမ်းစုံမှာ ကတုတ်ကျင်းတူး၊ ဘန်ကာတွေဆောက်ကာ တပ်စွဲထားတဲ့နေရာနဲ့ ထီးချိုင့်တောင်ပေါ်တို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တို့ကို ကာကွယ်ရေးတပ်တွေက ပူးပေါင်းတိုက်ခိုက်နေပြီး မနေ့ကနေ့လယ်ပိုင်းအထိ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ 

နိုဝင်ဘာ ၁၃ ရက် မနေ့ နေ့လယ်ကဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗျူဟာမှူးတဦးသေဆုံးသွားပြီးတဲ့နောက် တကောင်းနီကယ်ဘက်မှ ဗျူဟာမှူးအသစ်တယောက် ထပ်မံရောက်ရှိလာပြီး ထီးချိုင့်တောင်ပေါ် ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ လုပ်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

နိုဝင်ဘာ ၉ ရက်ကတည်းက စစ်ကောင်စီက ရဟတ်ယာဥ်နဲ့ အဆက်မပြတ် ပစ်ခတ်တာ၊ မြေပြင်တပ်တွေက လက်နက်ကြီးတွေ၊ စက်လတ်တွေနဲ့ ပစ်ခတ်နေတာကြောင့် နိုဝင်ဘာ ၁၀ ရက်ကနေ ဒီနေ့အထိ ၄ ရက်တာအတွင်း ထီးချိုင့်မြို့ပေါ်နဲ့ ထီးချိုင့်အနီးဝန်းကျင်က ပြည်သူ ၁၀ ဦးသေဆုံးကာ ၄၀ နီးပါးဒဏ်ရာရထားတယ်လို့ သူက ဆိုပါတယ်။ 

လက်ရှိမှာ ဒဏ်ရာရတဲ့စစ်ဘေးရှောင်တွေကို ပြည်သူ့ကာကွယ်ရေးဘက်က ဆရာဝန်၊ သူနာပြုတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေတယ်လို့ သိရပါတယ်။ 

"လေကြောင်းက စစ်ရှောင်ပြည်သူတွေသွားတဲ့ဘက်တွေကိုပဲ တောက်လျှောက်လိုက်ပစ်နေတာ။" လို့ ထီးချိုင့်မြို့ အခြေအနေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

မနေ့က မြတောင်ကျေးရွာနဲ့ ၂ မိုင်ခန့်အကွာက ကိုးတဲကျေးရွာကို လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး ၁၈ ဦးခန့်ဒဏ်ရာရကာ ဒီနေ့နေ့လယ်ပိုင်းက ထီးချိုင့်မြို့နဲ့ ၄ မိုင်ခန့်အကွာက အင်းတိန်ကျေးရွာအနီးကို တိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်ပြည်သူ ၂၀ ဦး ခန့်ဒဏ်ရာရရှိထားတာလို့ သိရပါတယ်။

မြတောင်ကတုတ်ကျင်းဘက်ကတော့ လက်တလောမှာ တိုက်ပွဲယာယီရပ်နေပြီး မြို့ထဲက ထီးချိုင့်တောင်ပေါ် ကတော့ လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်တာတွေလုပ်နေတယ်လို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် ဒေသခံရုပ်အလောင်းများ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ထီးချိုင့်မြို့ #စစ်ကောင်စီ #ထီးချိုင့်တောင် #မြတောင် #ပြည်သူ #ဒဏ်ရာရ #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10