ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်၊ PDF ၁၀၀ သေဆုံးဟု စစ်တပ်က ဝါဒဖြန့်

ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်၊ PDF ၁၀၀ သေဆုံးဟု စစ်တပ်က ဝါဒဖြန့်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး PDF ၁၀၀ ကျော် သေဆုံးတယ်ဆိုတဲ့ ကောလာဟလသတင်းအမှားဖြန့်မှုတွေကို စစ်ကောင်စီဘက်က ပြုလုပ်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောကြပါတယ်။ 

နိုဝင်ဘာ ၁၀ ရက်ကစပြီး ဒီနေ့အထိ ထီးချိုင့်မြို့ပေါ်မှာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေကြတာပါ။ 

ထီးချိုင့်မြို့နယ်အတွင်း ထီးချိုင့်တောင်ပေါ်နဲ့ ဧရာဝတီမြစ်တဖက်ကမ်းက မြတောင်ကကုတ်ကျင်းတပ်စခန်းကလွဲပြီး ထီးချိုင့်မြို့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။

စစ်ကောင်စီတပ်စွဲထားတဲ့ အဲ့ဒီနေရာ ၂ ခုမှာ စစ်တပ်အင်အား ၅၀၀ နီးပါးလောက်ရှိတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ခန့်မှန်းထားကြပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့တွေဟာ သူတို့အခိုင်အမာတပ်စွဲထားတဲ့ နေရာ ၂ ခုကနေ ထီးချိုင့်မြို့နဲ့အနီးဝန်းကျင်တွေကို လက်နက်ကြီးပစ်ခတ်တာတွေလုပ်သလို လေကြောင်းပစ်ခတ်မှုတွေလည်း ဆက်တိုက်လုပ်နေတယ်လို့ တိုက်ပွဲ မှာပါဝင်နေတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

နိုဝင်ဘာ ၁၇ ရက်မှာ စစ်ကောင်စီတပ်က မြတောင်ကို သင်္ဘော ၂ စီးနဲ့ စစ်အင်အားထပ်တိုးထားသလို ထီးချိုင့်တောင်ပေါ်ကိုလည်း တကောင်းမြို့၊ နီကယ်စက်ရုံဘက်ကနေ အင်အားတွေထပ်တိုးထားတယ်လို့ သိရပါတယ်။

ထီးချိုင့်မြို့ပေါ်မှာ အခုလို တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန် ဒေသကာကွယ်ရေးတပ်ဖွဲ့အမည်ခံ Facebook လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာလည်း ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် ထီးချိုင့်ပြည်သူ ၁၀၀ ကျော်သေဆုံးတာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံးတာ စတဲ့သတင်းအမှား ဖြန့်ဝေတာတွေလည်း လုပ်ဆောင်နေကြပါတယ်။ 

ထီးချိုင့်-ပြည်သူ့ကာကွယ်ရေးအမည်နဲ့ ဖေ့ဘွတ်စာမျက်နှာကနေ သေဆုံး PDF တွေရဲ့ ဓာတ်ပုံတွေ၊ အုတ်ဂူပုံတွေကို တင်ပြီး “မြို့လွတ်မြောက်ရေးအတွက် အသက်ပေးသွားကြသော လူငယ်များအား ကောင်းမွန်စွာ မြှုပ်နှံပေးခဲ့ကြောင်း သတင်းထုတ်ပြန်အပ်သည်” လို့ ရေးသားထားပါတယ်။ 

အဆိုပါဖေ့ဘွတ်စာမျက်နှာအကောင့်မှ ဖော်ပြထားတဲ့ အုတ်ဂူတွေရဲ့အပေါ်မှာတော့ သေဆုံးသူတွေရဲ့ ရက်စွဲကို ၂၀၂၂ ခုနှစ် မေလပိုင်းကို ဖော်ပြထားတာ တွေ့ရပါတယ်။ 

ထီးချိုင့်မြို့နယ်ပကဖအဖွဲ့ဝင်တဦးကတော့ ထီးချိုင့်မြို့နဲ့ပတ်သက်ပြီး ဖေ့ဘွတ်စာမျက်နှာမှာ ဖော်ပြထားတဲ့ အုတ်ဂူတွေဟာ ထီးချိုင့်မြို့နယ်က ပုံတွေမဟုတ်ဘူးလို့ ဆိုပါတယ်။ 

ထီးချိုင့်မြို့ပေါ်မှာ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ အွန်လိုင်းမသုံးနိုင်ဘဲရှိနေရာ အခုလို အွန်လိုင်းအသုံးပြုပြီး သတင်းမှားတွေဖြန့်တာ၊ ဓာတ်ပုံအမှားတွေ တင်နေတာဟာ စစ်တပ်ဘက်ကလည်း ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။ 

ထီးချိုင့်မြို့သိမ်းတိုက်ပွဲမှာ မြတောင်ကျေးရွာကိုဝင်တိုက်တဲ့အချိန် ရဲဘော်တဦးကျဆုံးခဲ့သလို ထီးချိုင့်မြို့တွင်း တောင်ပေါ်က စစ်ကောင်စီတပ်နဲ့တိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့တယ်လို့ ထီးချိုင့်မြို့နယ် အတွင်းက တိုက်ပွဲအစုံမှာ ပါဝင်နေတဲ့ ကျေးရွာပကဖခေါင်းဆောင်တဦးက မြေလတ်အသံကို ပြောပါတယ်။

"တော်လှန်ရေးရဲဘော်ကျတာက ခမ်းခမ်းနားနား မလုပ်ဘူး။ ပုံရိုက်လေ့လည်း မရှိဘူး။ တနေရာတည်းမှာ စုပြီးတော့ သင်္ဂြိုဟ်တာလည်း မရှိဘူး" လို့ ကျေးရွာပကဖခေါင်းဆောင်က ပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေးအတွင်းကျဆုံးထားတဲ့ မည်သည့်ရဲဘော်တဦးတယောက်ကိုမျှ တရားနာ၊ အမျှပေးဝေတာတွေ ပြုလုပ်မထားဘူးလို့ ဆိုပါတယ်။

"တော်လှန်ရေးအောင်မှ ရဲဘော်တွေအားလုံးကို စုပေါင်းအမျှဝေတာ လုပ်ကြမှာပါ" လို့ ကျေးရွာပကဖ ခေါင်းဆောင်က ပြောပါတယ်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲမှာ ရဲဘော်တွေကျဆုံးတာနဲ့ပတ်သက်ပြီး ထီးချိုင့်ကို စစ်ကူသွားနေတဲ့ စစ်ကိုင်းတိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေကလည်း တပ်ဖွဲ့ဝင် ရဲဘော် ၁၀၀ အထိသေဆုံးတဲ့တိုက်ပွဲ မရှိသေးဘူးလို့ ဆိုပါတယ်။

ထီးချိုင့်တိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်းအကြိမ်ကြိမ်အသုံးပြုခဲ့ပြီး ထီးချိုင့်မြို့အနီးဝန်းကျင်က ကိုးတဲရွာ၊ အင်းတိန်ရွာ စတဲ့ကျေးရွာတွေက စစ်ရှောင်ပြည်သူ ၂၂ ဦး သေဆုံးထားတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ထီးချိုင့် #မြို့သိမ်းတိုက်ပွဲ #လေကြောင်း #ကောလာဟလ #သတင်းမှား #PDF #စစ်ကောင်စီ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10