ထီးချိုင့်မှာ 1027 စစ်ဆင်ရေး တိုက်ပွဲပြင်းထန် ၂ ဖက်အကျအဆုံးရှိ

ထီးချိုင့်မှာ 1027 စစ်ဆင်ရေး တိုက်ပွဲပြင်းထန် ၂ ဖက်အကျအဆုံးရှိ

 

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ 1027 စစ်ဆင်ရေးစတင်ကြေညာပြီးနောက် ၂ ရက်ဆက်တိုက် တိုက်ပွဲတွေ ပြင်းထန်ခဲ့ရာ စစ်ကောင်စီဘက်က စနိုက်ဘာသမားအပါအဝင် အလောင်း ၁၀ လောင်းနဲ့ လက်နက်တွေရရှိထားသလို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ရဲဘော်တဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

အောက်တိုဘာ ၃၀ ရက်နဲ့ ၃၁ ရက်တွေမှာ ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၃၀ ရက်က တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေဘက်က အသေအဆုံးများခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

အောက်တိုဘာ ၃၀ ရက် မနက် ၈ နာရီဝန်းကျင်မှာ ထီးချိုင့်မြို့နဲ့ ၄ မိုင်ခန့်အကွာရှိ ဒိုးပင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်က အင်အား ၈၀ လောက်နဲ့ AA၊ KIA၊ PDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲအတွင်း PDF ကင်းထောက်တဦး စစ်ကောင်စီကင်းပုံးနဲ့တွေ့ပြီး ဖမ်းဆီးခံလိုက်ရပေမယ့် စစ်တပ်က လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အချိန် ကင်းထောက်ကို ပြန်ကယ်နိုင်ခဲ့တယ်လို့ ထီးချိုင့်မြို့နယ်က ကျေးရွာပကဖခေါင်းဆောင်တဦးက ပြောပါတယ်။

"လေယာဥ်ပစ်တာက စစ်သားတွေလည်း မရှောင်နိုင်ဘူး။ သူတို့လည်းထိတယ်။ ကိုယ့်ဘက်က ရဲဘော် ၆ ဦးတော့ ဒဏ်ရာတွေရလိုက်တာပေါ့။ မစိုးရိမ်ရပါဘူး" လို့ ကျေးရွာပကဖခေါင်းဆောင်က ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်ခဲ့တာကြောင့် လေကြောင်းအကူ တိုက်ခိုက်မှုကိုယူကာ ပြန်လည်ဆုတ်ခွာသွားကြတယ်လို့ မြေပြင်ကင်းထောက်တွေရဲ့အပြောကို ကိုးကားပြီး ကျေးရွာပကဖ ခေါင်းဆောင်က ပြန်ပြောပြပါတယ်။

စစ်ကောင်စီတပ်တွေ အဲဒီလို ဆုတ်ခွာသွားရာမှာ ဒဏ်ရာရတဲ့စစ်သားတွေကို ပျဥ်းစုရွာဇရပ်မှာ ဆေးကုသဖို့ ကြိုးစားခဲ့ပေမယ့် သေဆုံးသွားကြတဲ့အတွက် အလောင်း ၈ လောင်းကို ဇရပ်မှာ ဒီအတိုင်းထာခဲ့တာကြောင့် ရွာသားတွေက သင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

"အလောင်းတွေက ကျန်လောက်သေးတယ်။ လယ်တွေကလည်း မသိမ်းရသေးတော့ အဲဒီကြားမမြင်ရတာရော၊ တောတွေကြားထဲရောက်နေတာရောကြောင့် အလောင်းတွေ အကုန် မတွေ့ရသေးဘူး။ မနေ့ညကအထိတော့ ၁၀ လောင်းတွေ့တယ်" လို့ ကျေးရွာပကဖခေါင်းဆောင်က ပြောပါတယ်။

အောက်တိုဘာ ၃၁ ရက် မနေ့မနက် ၁၀ နာရီလောက်မှာလည်း ထီးချိုင့်မြို့အနောက်ဘက် ကပ်လျက်မှာရှိတဲ့ ကြက်သွန်ခင်းကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့သိရပါတယ်။ 

အဲဒီတိုက်ပွဲမှာ  ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေဘက်က ရဲဘော်တဦးကျဆုံးခဲ့သလို တဦးကလည်း လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ဘက်ကတော့ သုံးဘီးယာဥ်တွေ၊ နာရေးကားတွေနဲ့ ထီးချိုင့်မြို့အတွင်းကို ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

လတ်တလောမှာလည်း ထီးချိုင့်မြို့နယ်၊ ကျောက်ကြီးကျေးရွာဘက်ကို စစ်တပ်က အင်အား ၁၈၀ လောက်နဲ့ တပ်စုတွေပို့ထားပြီး ထီးချိုင့်မြို့နယ်၊ အရှေ့ခြမ်းကို စစ်ကြောင်းထိုးဖို့ ပြင်နေတယ်လို့သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ထီးချိုင့်မြို့နယ် #1027စစ်ဆင်ရေး #စစ်ကောင်စီ #စနိုက်ဘာ #PDF #AA #KIA

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10