ထီးချိုင့်မှာ စစ်တပ်က လေကြောင်းကပစ်လို့ ကလေး ၃ ဦး၊ ကိုယ်ဝန်ဆောင် ၁ ဦးအပါ ပြည်သူ ၆ ဦးသေဆုံး

ထီးချိုင့်မှာ စစ်တပ်က လေကြောင်းကပစ်လို့ ကလေး ၃ ဦး၊ ကိုယ်ဝန်ဆောင် ၁ ဦးအပါ ပြည်သူ ၆ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကိုးတဲကျေးရွာကို မနေ့ညနေပိုင်းက စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၃ ဦးနဲ့ ကိုယ်ဝန်သည် ၁ ဦးအပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့တယ်လို့ ထီးချိုင့်မြို့နယ်၊ ကျေးရွာပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

နိုဝင်ဘာ ၁၃ ရက် မနေ့က စစ်ကောင်စီတပ်က လေယာဉ်နဲ့ ကြဲချလိုက်တဲ့ဗုံးဟာ အကြမ်းဖက်ဥပဒေပုဒ်မနဲ့ ၂ နှစ်ကျော်ကြာတဲ့အထိ ဖမ်းဆီးခံထားရတဲ့ ဦးထွန်းသိန်းရဲ့ နေအိမ်ကို ထိမှန်ခဲ့တာဖြစ်ပြီး ဦးထွန်းသိန်းဇနီး အပါအဝင် အသက် ၁၁ နှစ်အရွယ် သားဖြစ်သူ၊ အသက် ၈ နှစ်အရွယ်အမွှာသမီး ၂ ဦးစတဲ့ မိသားစုဝင်အားလုံးကို ထိမှန်ခဲ့တာဖြစ်ပြီး သားဖြစ်သူရဲ့ ရုပ်အလောင်းကို ရှာမတွေ့သေးဘူးလို့ ကျေးရွာပကဖ ခေါင်းဆောင်တဦးက ပြောပါတယ်။

"သားဖြစ်သူရဲ့ အလောင်းက မီးလောင်တဲ့အထဲပါသွားလား မသိဘူး။ အခုထိရှာမတွေ့သေးဘူး။ ကိုထွန်းသိန်းကလည်း စစ်တပ်ကဖမ်းပြီး သူ့ကိုဘယ်ပို့လိုက်လဲမသိဘူး။ သတင်းအစအနကို မရဘူး" လို့ ကျေးရွာပကဖ ခေါင်းဆောင်တဦးက ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီအိမ်ရဲ့ အနီးဝန်းကျင်မှာ စစ်ရှောင်နေတဲ့ ကိုယ်ဝန်သည်အမျိုးသမီးတဦးနဲ့ နောက်ထပ် အမျိုးသမီးတဦးလည်း ထိမှန်သေဆုံးပြီး စုစုပေါင်းလူဦးရေ ၂၀ ဦးခန့်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ကိုးတဲရွာဟာ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ထီးချိုင့်မြို့ရဲ့ ဧရာဝတီမြစ်တဖက်ကမ်းမှာရှိပြီး စစ်ကောင်စီတပ်တွေရှိနေတဲ့ မြတောင်ကတုပ်ကျင်းနဲ့  ၂ မိုင်ခန့်ဝေးတယ်လို့ သိရပါတယ်။

ဒီကျေးရွာတွေဘက်က ကာကွယ်ရေးတပ်တွေ အရင်ကတည်းက နယ်မြေစိုးမိုးထားတဲ့နေရာဖြစ်တာကြောင့် ထီးချိုင့်နဲ့ မြတောင်က ဒေသခံပြည်သူတွေက အဲဒီရွာဘက်မှာ စစ်ရှောင်နေကြတာမှာ အထိအခိုက်ပိုများခဲ့တာလို့ ကျေးရွာပကဖခေါင်းဆောင်က ပြောပါတယ်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲအခြေအနေကတော့ မြို့ထဲက ထီးချိုင့်တောင်ပေါ်မှာ စစ်ကောင်စီတပ်တွေ နေရာယူထားဆဲဖြစ်ပြီး မြတောင်ကတုပ်ကျင်းမှာလည်း စစ်သားတွေရှိနေရာ ၂ နေရာပေါင်း အင်အား ၅၀၀ လောက်ရှိနိုင်တယ်လို့ ကာကွယ်ရေးတပ်တွေက ခန့်မှန်းထားပါတယ်။

မနေ့က နေ့လယ် ၂ နာရီလောက်မှာ ထီးချိုင့်တောင်ပေါ်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ကဗျူဟာမှူးကျဆုံးပြီးနောက် တပ်ပြန်ဆုတ်သွားခဲ့တယ်လို့သိရပါတယ်။

"ဒီနေ့ ဗျူဟာမှူးအသစ်တက်မယ်လို့ သိရပါတယ်။ တကောင်းနီကယ်စက်ရုံဘက်ကနေ အင်အားထပ်တိုးထားတယ် " လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ၁၀ ရက်ကစတင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးထားပြီး စုစုပေါင်းပြည်သူ ၈ ဦးလည်းသေဆုံးထားတယ်လို့သိရပါတယ်။

စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင်တပ်တွေရဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် မြို့တွင်းကနေအိမ် အကုန်လုံးနီးပါးလည်း ပျက်စီးထားတယ်လို့သိရပါတယ်။

ပုံစာ - ထီးချိုင့်မြို့အတွင်းအခြေအနေ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ထီးချိုင့်မြို့နယ် #ကိုးတဲကျေးရွာ #စစ်ကောင်စီ #လေယာဥ် #ဗုံးကြဲ #ကလေး #ကိုယ်ဝန်သည် #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10